ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဂျပန်-မြန်မာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များ တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၂၇.၁၀.၂၀၁၈

ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးသို့ ရောက်ရှိပြီး သံရုံးအစည်းအဝေးခန်းမ၌ သံအမတ်ကြီးက  မြန်မာသံရုံး၏ ဂျပန်နိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသော လုပ်ငန်းဆောင်ရွက်နေမှု အ‌ခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန် မစ္စတာ တာရှီအို နာရှီမူရာအား လက်ခံတွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်တည်ဆောက်ရေးကိစ္စရပ်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ဒရုန်း(Drone)များကို ဥပဒေနှင့်အညီ စနစ်တကျအသုံးပြုနိုင်ရေး၊ မသန်စွမ်းသူများ အလုပ်အကိုင်ရရှိရေး၊ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက် ရေးသင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေးနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂျပန်နိုင်ငံတွင် ပညာသင်ရောက်ရှိနေကြသော မြန်မာ လူငယ် များအား သံရုံးဧည့်ခန်းမ၌တွေ့ဆုံ၍ အစိုးရသစ်ကာလအတွင်း နိုင်ငံတော်က ဦးတည်ချက်များချမှတ်၍ အကောင် အထည်ဖော်ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှု များအား အသိပေးရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။ 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Japan Heart တည်ထောင်သူ Dr. Hideto Yoshioka နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ၍  Managing Director Mr. Yuta Momose က ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ရှိသော မျက်မမြင်အနှိပ်လုပ်ငန်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါ ဆွေးနွေးမှု များအရ မျက်မမြင် လူငယ်များအား အနှိပ်ပညာရပ်များအား စနစ်တကျ လေ့ကျင့်သင်ကြားပေး၍ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ကျွမ်းကျင်မှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေးနှင့် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခွင့် ဖော်ဆောင်ပေးရေး ကိစ္စရပ်များတွင် စီမံချက်ရေးဆွဲအကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ညနေပိုင်း တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မျက်မမြင်စာ စာကြည့်တိုက်သို့သွားရောက်၍ ၎င်းတို့ ဆောင်ရွက်လျက်ရှိသော မျက်မမြင် စာအုပ်ပြုစုထုတ်လုပ်ခြင်းနှင့် အသံထွက် ဒီဂျစ်တယ် စာအုပ်များ ပြုလုပ်ထားရှိ၍ မျက်မမြင်များ သတင်းအချက်အလက်ရရှိရေးလက်တွေ့ ဆောင်ရွက်နေမှုများကို လေ့လာကြည့်ရှုခဲ့ပါသည်။ အဆိုပါ တွေ့ဆုံမှုများနှင့် သွားရောက်လေ့လာမှုများတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်စင်နှင့် မြန်မာကိုယ်စားလှယ်များ ပါဝင်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

 

FacebookTwitter