လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ အဋ္ဌမအကြိမ်ညှိနှိုင်းအစည်းအဝေးကျင်းပ

          လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်   ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ၏ အဋ္ဌမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာလုပ်ငန်း ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးများ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသလို နောက်ဆက်တွဲအခြေပြစာချုပ် (၂)ခုကိုလည်း လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါကြောင်း၊ ကလေးသူငယ်များ၏ အခြေခံအခွင့်အရေး (၄) ခုဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်များရရှိရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးသူငယ်၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကျိုးဖြစ်ထွန်းမှုအများဆုံးဖြစ်စေရေး (Best Interest of the Child) အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉) ကို ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာဥပဒေများနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉)ပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်၍ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်မှုများအား လုံးဝလက်မခံရေး မူဝါဒနှင့်အညီအရေးယူနိုင်ရေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်   ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီ အစည်းအဝေးခေါ်ယူ၍ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက် ကျူးလွန်မှုများမှကာကွယ် တားဆီးနိုင်ရေး အမျိုးသားအဆင့်လုပ်ငန်းစီမံချက် စတင်အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်များက ထုတ်ပြန်သည့် ပူးတွဲကြေညာချက်ကို တုန့်ပြန်မည့်ကြေညာချက် (Statement) ထုတ်ပြန် သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          အစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ လုပ်ငန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ကော်မတီလုပ်ငန်းတာဝန် (၁၆) ရပ်ကို အကောင်အထည်ဖော်နိုင်ရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter