ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီ (၁/၂၀၂၁) အစည်းအဝေးကျင်းပခြင်း

        ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ (၁/၂၀၂၁) အစည်းအဝေးအား ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ အတွင်းရေးမှူးများသည် In-person ဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများသည်ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြပါ သည်။

အစည်းအဝေးတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က  မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (The United Nations Convention on the Rights of the Child- UNCRC) အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့် အညီ ကလေးသူငယ်များ၏ ရပိုင်ခွင့်များအပြည့်အဝရရှိစေရန်၊ အရည်အသွေး ပြည့်ဝသော ဝန်ဆောင်မှုများကို လက်လှမ်းမီရရှိစေရန်၊  ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ပိုမိုပြည့်စုံကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဉပဒေကို ၂၀၁၉ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း ယင်းဥပဒေတွင် လိုအပ်သည့် ကဏ္ဍအလိုက် ပြင်ဆင်သွားရန်အတွက် ဥပ‌ဒေရေးရာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ UNCRC ပါ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်အရ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီကို ဖွဲ့စည်းပြီး လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ UNCRCသို့ နိုင်ငံအဆင့်အစီရင်ခံစာများကို တင်သွင်းလျက်ရှိပြီး ယခု ပဥ္စမအကြိမ်နှင့် ဆဋ္ဌမအကြိမ် နိုင်ငံအဆင့်ပူးတွဲအစီရင်ခံစာကိုလည်း UNCRC Committee သို့ ပေးပို့ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအနေဖြင့် သင်တန်းကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြုလုပ်ငန်းများ အဖြစ် ဆောင်ရွက်နေသော်လည်း လမ်းပေါ်နေကလေးတွေများပြားလာသည့်ပြဿနာသည် နိုင်ငံဖွံ့ဖြိုးရေးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာ၍ ဖြေရှင်းရန် လိုအပ်သည့် အရေးကြီးသော ပြဿနာတစ်ခုလည်း ဖြစ်လာပါကြောင်း၊ လမ်းပေါ်နေကလေးသူငယ်များအပေါ် အဓမ္မအနိုင်ကျင့်စေခိုင်းခြင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းတို့မှ ကာကွယ်ရန်နှင့် ဘဝလုံခြုံရေး အတွက်ရည်ရွယ်၍ လမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း ကနဦးစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စီစဉ်သွားမှာဖြစ်ပါကြောင်း၊ ကလေးသူငယ်များအပါအဝင် ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော လူမှုရေးရာ ဖြစ်ရပ်များကို ဖြစ်ရပ်စီမံခန့်ခွဲသူ (Case Manager) များမှတစ်ဆင့် (၂၄) နာရီ ဝန်ဆောင်မှု ပေးနိုင်သည့် Help line Service ကို ထူထောင်ထားရှိပါကြောင်း၊ သက်ငယ်မုဒိမ်းမှုကျူးလွန် ခံရသော ကလေးသူငယ်များနှင့် အကြမ်းဖက်ခံရသည့် မိန်းကလေးငယ်များအတွက် ကျန်းမာရေးကုသစရိတ်၊ တရားရင်ဆိုင်ရေး စရိတ်၊ ဘဝရပ်တည်နေထိုင်ရေးအတွက် အသက်မွေးဝမ်း ကျောင်းစရိတ်တို့အား ထောက်ပံ့ပေးခြင်း၊ စိတ်လူမှုပိုင်းဆိုင်ရာ ဆွေးနွေးပေးခြင်းနှင့် ကျွမ်းကျင်သူ Counsellor များနှင့် ချိတ်ဆက်ပေးခြင်း နည်းလမ်းများဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်()နှစ်အောက် ကလေးသူငယ်များ အား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် (MCCT)ကို အာဟာရစံနှုန်းများ နိမ့်ကျသော ဒေသများတွင် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ယင်းအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဉီးတည်ချက် (၃) ရပ်အနက်တစ်ရပ်ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာ ရည်မြင့်မားရေးအတွက် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌများဦးဆောင်ပြီး တက်ကြွစွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ အမျိုးသားကော်မတီဝင်များအနေဖြင့် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေးကဏ္ဍ၊ ကလေးသူငယ်များ၏ မွေးရာပါအခွင့်အရေးများ မဆုံးရှုံးစေရန်နှင့် ကလေးသူငယ်တိုင်းလက်လှမ်းမီ တန်းတူညီတူရရှိနိုင်ရန် တာဝန်ရှိသူများမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

          ဆက်လက်ပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးက  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ လည်းကောင်း၊  လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ယခင် အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ကော်မတီ၏ ဆောင်ရွက်ချက်များအား လည်းကောင်း၊  ဒုတိယညွှန်ကြားရေးမှူးချုပ်များက  လမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ်ရေးစောင့်ရှောက်ရေးစီမံချက်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉)ပါ ပြဋ္ဌာန်းချက်များနှင့် ပတ်သက်ပြီး ပုဒ်မများ ပြင်ဆင်ဖြည့်စွက်ချက်များအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ဆက်လက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီဝင်များနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီများမှ ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပါသည်။

          ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးအား မွန်းလွဲ(၂:၁၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

FacebookTwitter