ပြည်ထောင်စုဝန်ကြီး၊ စစ်တွေမြို့ပေါ်ရှိ ကလေးပြုစုရေးဌာန၊ အိမ်တွင်းမှုသက်မွေးအတတ်ပညာသင်ကျောင်း၊ ပြည်နယ်ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများ၊ ဝန်ထမ်းများအား တွေ့ဆုံထောက်ပံ့အားပေးခြင်းနှင့် ပြည်နယ်ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံစစ်ဆေးခြင်းများဆောင်ရွက်

ရခိုင်ပြည်နယ်စစ်တွေမြို့သို့ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်သည် (၁၆-၁၂-၂၀၂၁) ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ ကလေးပြုစုရေးဌာနသို့ရောက်ရှိပြီး ကလေးငယ် စုစုပေါင်း (၃၃) ဦးကို စောင့်ရှောက် ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး နိုင်ငံတော်ကိုယ်စား မိမိတို့ဝန်ကြီးဌာနမှ ကာကွယ်စောင့်ရှောက်ထားရှိသော ကလေးငယ်များ၏ ဘဝရေရှည်ရှင်သန်ရပ်တည်နိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့်ပူးပေါင်းကာ အတန်းပညာသာမက အသက်မွေးဝမ်းကျောင်းပညာရပ်များပါ သင်ကြားပို့ချပေးနိုင်ရေးအတွက် လမ်းညွှန်မှာကြားခဲ့ပြီး ကလေးငယ်များအ တွက် မုန့်များအားပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် အိမ်တွင်းမှုသက်မွေး အတတ်ပညာသင်ကျောင်းသို့ရောက်ရှိရာ တာဝန်ခံကျောင်းအုပ်က လက်ရှိဖွင့်လှစ်ပို့ချလျက်ရှိသည့် သက်မွေးပညာသင်တန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းများတွင် ပို့ချလျက်ရှိသည့် သက်မွေးပညာရပ်များနှင့် လက်တွေ့နယ်ပယ်တွင် ယခုထက်ပိုမိုထိရောက်အကျိုးရှိသည့် ပညာရပ်များကို ကျွမ်းကျင်သူများ၏ အကူအညီရယူ၍ နည်းစနစ်တကျ တစ်ဆင့်ချင်း ပြောင်းလဲတိုးချဲ့ဖွင့်လှစ်သွားနိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်လူမှုဝန်ထမ်းရုံးတွင်ပြုလုပ်သော စစ်တွေမြို့တွင်အခြေပြု၍ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်ပြီး  ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာန၏မူဝါဒများဖြစ်သော ထိရောက်သောလူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထု၏ဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ ဘေးဒဏ်ကိုကြံ့ကြံ့ခံရင် ဆိုင်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်းတစ်ရပ် ဖြစ်လာစေရေးစသည့် လုပ်ငန်းစဉ်များပေါက်မြောက်အောင်မြင်နိုင်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများ၊ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သည့် ထိခိုက်လွယ်အုပ်စုဝင်များအား ပံ့ပိုးကူညီဆောင်ရွက်သွားမည့် အခြေအနေ၊ ဝန်ကြီးဌာန၏ ပင်မလုပ်ငန်း တာဝန်ဖြစ်သော ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်များအတွက် ကာကွယ်စောင့်ရှောက်ပေးနေမှု၊ ပံ့ပိုးကူညီပေး နေမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ဝန်ထမ်းများက တင်ပြလိုသည့်အချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လုပ်ငန်းများ အောင်မြင်ရေးအတွက် တစ်ဦးချင်းစီ၏ စေတနာ၊ အရည်အသွေးနှင့် ဝီရိယတို့သည် အလွန်အရေးကြီးပါကြောင်း တိုက်တွန်းဆွေးနွေးမှာကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒီဇင်ဘာလ (၁၇) ရက်နေ့ ညနေပိုင်းတွင် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ပြည်နယ်ဘိုးဘွားရိပ်သာသို့သွားရောက်ကာ ရိပ်သာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အဘိုးအဘွားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ၂၀၂၁-၂၀၂၂ (၆လ ဘတ်ဂျက်) အတွက် ထောက်ပံ့ငွေ ၃၄၁၄၀၀၀-(ကျပ်သုံးဆယ့်လေးသိန်းတစ်သောင်းလေးထောင်တိတိ) အား ဂေဟာ မှူး ထံသို့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒီဇင်ဘာလ (၁၈)ရက်နေ့ ညနေပိုင်း တွင် စစ်တွေမြို့ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ ကယ်ဆယ် ရေးပစ္စည်းသိုလှောင်ရုံသို့ရောက်ရှိပြီး သိုလှောင်ရုံထိန်းသိမ်းရေး လက်စွဲအတိုင်း ကယ်ဆယ်ရေး ပစ္စည်း(၂၂)မျိုးနှင့် ဒေသဖွံ့ဖြိုးရေးသုံးပစ္စည်းများ သိုလှောင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဆောင်ရွက်ရမည့်အချက်များအား ဖြည့်စွက်လမ်းညွှန်ခဲ့ပါသည်။

FacebookTwitter