လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ နှင့် UNCTFMR တို့၏ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

(၂၀၂၀) ပြည့်နှစ်၊ မတ်လ (၅) ရက်နေ့၊ နေပြည်တော်
    လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီနှင့် UNCTFMR တို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ကျင်းပရာ ဥက္ကဋ္ဌဖြစ်သူ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့်ကော်မတီဝင်များနှင့် UNCTFMR ဘက်မှ UNICEF, UNRCO, ILO, Save the Children , UNHCR,WFP, World Vision မှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
    ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားရာတွင် ယခု အစည်းအဝေးသည် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ  ကာကွယ်တားဆီးရေးကော်မတီ နှင့် Country Task Force on Monitoring and Reporting (CTFMR) တို့ ပထမအကြိမ် တွေ့ဆုံညှိနှိုင်းသည့် အစည်းအဝေး ဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင် ကလေးသူငယ်များ၏အကျိုးစီးပွားကို အကောင်းဆုံး အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ (၂၀၁၉)တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ဥပဒေနှင့်အညီ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များကို ကာကွယ်ပေးနိုင်ရန် မိမိတို့ အထူးကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ကော်မတီဖွဲ့စည်းရခြင်းအကြောင်းအရင်းမှာ မိမိတို့နိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ မချုပ်ငြိမ်းသေးသည့် နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများသည် နှစ်ရှည်လများ နှစ်ပေါင်း (၇၀) ကျော်တိုင်အောင် ဖြစ်ပွားလျက်ရှိနေ ပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများတွင် ပြည်သူများ လုံခြုံမှုရှိစေရန် ငြိမ်းချမ်းမှုကို ဦးတည် သွားမည့် ဆောင်ရွက်မှုများကို မိမိတို့အနေဖြင့် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး နှင့်ပတ်သက်ပြီး မိမိတို့နိုင်ငံအနေဖြင့် အစဉ်တစ်စိုက် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတစ်ခုဖြစ်ပါ ကြောင်း၊ ပဋိပက္ခများရှိဆဲကာလတွင် ပြည်သူများ လုံခြုံမှုရှိစေရန် ဆောင်ရွက်ပေး ရမည်ဖြစ်ပါ ကြောင်း၊ပြည်သူများလုံခြုံရေးရှိစေရေးဆောင်ရွက်ရာတွင် ကလေးသူငယ်များအတွက်အဓိကထား၍ စဉ်းစားဆောင်ရွက်နေသည့် ကိစ္စရပ်များအား လုပ်ဆောင်ရန်လိုအပ်ပါကြောင်း၊ ကော်မတီမဖွဲ့မီ ကလေးသူငယ်များအတွက် အကောင်းဆုံးအကျိုးစီးပွားကို ဖော်ဆောင်ရန်အတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ်ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာဥပဒေအသစ် (New Child Rights Law) သည် ၂၀၁၉ခုနှစ်၊ ဇူလိုင်လတွင် ပြဋ္ဌာန်းပြီး ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း လက်နက်ကိုင်ပဋိပက္ခအတွင်း  ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရန်လုပ်ငန်းအား အကောင်အထည်ဖော်မည် ဖြစ်သောကြောင့် ကော်မတီတစ်ရပ်အားဖွဲ့စည်းရန်လိုအပ်ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ဥပဒေအသစ်နှင့် ကော်မတီပေါ်ပေါက်လာပြီး ဖြစ်ပါကြောင်း၊ ကော်မတီသည် ဥပဒေ အား အကောင်အထည်ဖော်ရာလည်း ရောက်ရှိပါကြောင်း၊ လိုအပ်သဖြင့် သီးခြားဖွဲ့စည်းခဲ့သည့် ကော်မတီတစ်ရပ်ဖြစ်ပါကြောင်း၊ ဥပဒေတွင်ရှိသည့် ကလေးသူငယ်များ၏အခွင့်အရေးအား အကောင်ထည်ဖော်ဆောင်ရွက်ရခြင်းမှာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ် အခန်း(၁၇)တွင် ကလေးသူငယ်များအနေဖြင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကျူးလွန်ခံရမှုများမှာ ကာကွယ်တားဆီးရန်အတွက် သီးခြားအခန်းကဏ္ဍတစ်ခုအနေဖြင့် ထည့်သွင်းရေးဆွဲထားပါ ကြောင်း၊ ၎င်းအခန်းကဏ္ဍတွင် ပုဒ်မများနှင့် ဆောင်ရွက်ရမည့်ကိစ္စများ ပါဝင် ပါကြောင်း၊ ပြစ်မှု/ ပြစ်ဒဏ်ကိစ္စရပ်များလည်း ပါဝင်ပါကြောင်း၊ သေချာစွာ ရေးဆွဲထားပြီး ဖြစ်သောကြောင့် ဥပဒေအား အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့် အထူးကော်မတီ တစ်ရပ် လိုအပ်လာသောကြောင့် ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ရခြင်းဖြစ်ပါကြောင်း၊ ကော်မတီတွင် လုပ်ငန်း တာဝန် (၁၀)ရပ် သတ်မှတ်ထားပါကြောင်း၊  လုပ်ငန်းတာဝန် နံပါတ် (၄)တွင် ပါရှိသောအချက်မှာ ကော်မတီသည် ကုလသမဂ္ဂအဖွဲ့အစည်းများဖြစ်သော UNICEF, UNDP အဖွဲ့အစည်းများ အပါအဝင် CTFMR နှင့်   ပူးပေါင်းဆောင်ရွက်ရန် လုပ်ငန်းတာဝန်တစ်ရပ်အနေဖြင့် ပါဝင်ပါကြောင်း၊ အဆိုပါ လုပ်ငန်းတာဝန်ဆောင်ရွက်ရန် ယနေ့အစည်းအဝေးအား ကျင်းပရခြင်းဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အား အကောင်အထည်ဖော်ရာတွင် CTFMR နှင့် ပူးပေါင်း ဆောင်ရွက်မည်ဟူသော အချက်ကို ယနေ့တွင် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ရေးဆွဲပြီးနောက်ပိုင်းမှာ မိမိတို့ကော်မတီနှင့် CTFMR တို့ တွေ့ဆုံရသည်မှာ ပထမအကြိမ်ဖြစ်ပြီး ကော်မတီတွင် လုပ်ငန်းကော်မတီနှင့် Core Group အဖွဲ့များ ရှိပါကြောင်း၊ လုပ်ငန်း ကော်မတီနှင့် (၂)ကြိမ်တွေ့ဆုံခဲ့ပြီး Core Group နှင့် (၂) ကြိမ်တွေ့ဆုံခဲ့ပြီးဖြစ်ပါကြောင်း၊ ကော်မတီ၏ အစည်းအဝေးမှာလည်း (၅) ကြိမ်တိုင်တိုင် ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ CTFMR အနေဖြင့် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်နှင့်ပတ်သက်၍ များစွာသိရှိထားပြီးဖြစ်ပါကြောင်း၊ ယနေ့တွေ့ဆုံမှုမှာ ကော်မတီအနေဖြင့် တွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်ရန် Commitment for Cooperation and Coordination အတွက် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက် ခြင်းအားဖြင့် မိမိတို့ကော်မတီသည် လုပ်သင့်လုပ်ထိုက်သည့် လုပ်ငန်းတာဝန်ကိုလည်း ကျေပွန် အောင် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအပေါ် နိုင်ငံတကာသို့မဟုတ် ပူးပေါင်းဆောင်ရွက် မှုများနှင့်ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာများတွင်လည်း စာရင်းသွင်း ဖော်ပြနေမှုများရှိပါကြောင်း၊ ကုလသမဂ္ဂအနေဖြင့် စာရင်းဖော်ပြချက်များတွင် မိမိတို့လုပ်ဆောင် ချက်များအား ထိထိမိမိ ဆောင်ရွက်နိုင်ရန်အတွက် တွန်းအားပေးခြင်းဖြစ်သကဲ့သို့ ဆောင်ရွက်သည် များတွင် လိုအပ်နေသေးသည်ကို ဆိုလိုခြင်းလည်းဖြစ်ပါကြောင်း၊ မိမိတို့ ဆောင်ရွက်နေခြင်း မှာလည်း ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို အမှန်တကယ် ဖော်ဆောင်နေသည့် နိုင်ငံဖြစ်သည်ကို အသိအမှတ်ပြုစေလိုပါကြောင်း၊ CTFMR နှင့် ပူးပေါင်းဆောင်ရွက်မှုများလည်း စတင်နေပြီ ဖြစ်သောကြောင့် မိမိတို့နိုင်ငံအပေါ် စာရင်းသွင်းထားရှိမှုများ ပြောင်းလဲသွားမည်ဟု ယူဆပါကြောင်း၊ ယနေ့တွေ့ဆုံရသည့် အစည်းအဝေးသည် အလွန်အရေးကြီးပါကြောင်း၊ ရှေ့ဆက် ဆောင်ရွက်ရမည့်လုပ်ငန်းများအား ဆောင်ရွက်ရန် အသင့်ရှိပါကြောင်း၊ ယခုအစည်းအဝေးသည်  ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ နောက်ဆက်တွဲစာရင်းမှ ပယ်ဖျက်နိုင်ရန် အထောက်အကူပြုမည် ဖြစ်ကြောင်း  မျှော်လင့်ပါသည်ဟု ပြောကြားခဲ့ပါသည်။
    ထို့နောက် Country Task Force on Monitoring and Reporting (CTFMR) ၏ Co-Chair ဖြစ်သူ Ms. June Kunugi က ပြောကြားရာတွင် မြန်မာနိုင်ငံအစိုးရသည် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီအနေဖြင့် ကလေးသူငယ်များအပေါ် သေကြေ ထိခိုက်ဒဏ်ရာရစေခြင်းနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်မှုများနှင့် ပတ်သက်သည့် လုပ်ငန်း စီမံချက်အား တင်ပြပေးသည့်အတွက်ကြောင့် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့အစည်းအဝေး အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီး ဌာနများမှ ပူးပေါင်းဆောင်ရွက်နေမှုများကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ အသိ အမှတ်ပြုပါကြောင်း၊ ယခုလို ကာလအတွင်းမှာ ကော်မတီအနေဖြင့် မြောက်များစွာသော ကြိုးပမ်း အားထုတ်မှုများကို ဝမ်းမြောက်ဝမ်းသာစွာတွေ့ရှိရပါကြောင်း၊ ကလေးသူငယ်များဆိုင်ရာ အခွင့် အရေးဥပဒေအသစ်ထွက်ပေါ်လာသည်ကို တွေ့ရှိရပါကြောင်း၊ နောက်ဆက်တွဲစာချုပ် ဖြစ်သည့် ကလေးသူငယ်များအား လက်နက်ကိုင်ပဋိပက္ခအတွင်း ပါဝင်မှုနှင့်ပတ်သတ်၍ ကာကွယ် စောင့် ရှောက်ရေးနှင့်ပတ်သက်၍ လက်မှတ်ရေးထိုးနိုင်သည်အထိ တွေ့ရှိရပါကြောင်း၊ ကော်မတီ အနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ စာချုပ်ပါ အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီ စွာ ဖော်ပြထားသည်ကိုလည်းတွေ့ရှိရပါကြောင်း၊ ထိုသို့ ဖော်ပြထားသည်မှာ ကော်မတီသည် ကလေး သူငယ်များအား ကာကွယ်စောင့်ရှောက်ရန်အတွက် ကြိုးစားဆောင်ရွက်ထားသည်ကို ထင်ဟပ်ဖော်ပြ နေပါကြောင်း၊ ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလတွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရုံး၏ အထူးကိုယ်စားလှယ် Mrs. Virginia Gamba လာရောက်လည်ပတ်သည့် ခရီးစဉ်အား ကြိုဆိုဧည့်ခံတွေ့ဆုံပေးခြင်းအတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ အကြံ ပြုချက်များ၊ ပံ့ပိုးမှုနှင့် ပတ်သက်ပြီး CTFMR နှင့် တွေ့ဆုံခဲ့သည့် အကြောင်းအရာ များကိုလည်း အထူးကိုယ်စားလှယ်က ၎င်း၏မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း၊ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှ ပြဋ္ဌာန်းချက်အရ ကြီးလေးသော ပြစ်မှုကျုးလွန်ခြင်းများကို စောင့်ကြည့်စစ်ဆေး အတည်ပြုခြင်းသည် CTFMR ၏ အဓိကတာဝန်ဖြစ်ပါကြောင်း၊ Joint Action Plan အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ National Action Plan ဖြင့်ဆိုပါက CTMR ၏ ပူးပေါင်းပါဝင်ခြင်းထက် CTFMR မှ အဖွဲ့ဝင်တစ်ဖွဲ့ချင်းစီ၏ ပူးပေါင်း‌ဆောင်ရွက်ပံ့ပိုးမှုသာ ရရှိနိုင် မည်ဖြစ်ပါကြောင်း၊ CTFMR အဖွဲ့အနေဖြင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ၏ အရေးပါမှုကို နားလည်သဘောပေါက်ပါကြောင်း၊ ကလေးသူငယ်များကို ကာကွယ်ပေးရန်နှင့် ကလေးစစ်သား အသုံးပြုသည်များကို တားဆီးရန်နှင့် ပြစ်မှုကျူးလွန်သူများကို ထိရောက်စွာ အရေးယူသွားရန် ယန္တရားတစ်ခု ဖော်ဆောင်ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်မှ ဆောင်ရွက်ပေးနေသည့် အရွယ်မရောက်သေးသူများ စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးရေးဆိုင်ရာ လုပ်ငန်းများကို အသိအမှတ်ပြုပါကြောင်း၊ ကုလသမဂ္ဂမှ ချမှတ်ထားသည့် Safe School Declaration အရ အစိုးရအနေဖြင့် စာသင်ကျောင်းများကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိပါကြောင်း၊ Safe School Declaration သည် လက်နက်ကိုင် အဖွဲ့တိုင်းတွင်တာဝန်ရှိသဖြင့် မကြာမီကျင်းပမည့် ပင်လုံညီလာခံတွင် ထည့်သွင်း ဖော်ပြသွားစေလိုပါကြောင်း၊ ကလေးစစ်သား ပယ်ဖျက်ရေးအတွက် မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များသည် ကမ္ဘာ့အဆင့်တွင် သိရှိအောင်မြင် ထားပြီး ဖြစ်ပါကြောင်း၊ CTFMR အနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့် ပူးပေါင်း ကူညီဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်း၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ်မှ မြန်မာနိုင်ငံမှ အကောင်အထည်ဖော် ဆောင်ရွက်ရန် အဆိုပြုထားသည့်အချက်(၆)ချက်ကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ ထားပြီး ဖြစ်ပါကြောင်းဟု ပြောကြားခဲ့ပါသည်။
    ယင်းနောက် ကော်မတီ၏အတွင်းရေးမှူးဖြစ်သူ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းနိုင်ထွန်းက အမျိုးအဆင့်လုပ်ငန်းစီမံချက်အား မြန်မာဘာသာဖြင့် အတည်ပြုပြီးဖြစ်ပြီး အင်္ဂလိပ်ဘာသာပြန်အား စိစစ်အတည်ပြုနိုင်ရေး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ထားပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှု ကာကွယ်တားဆီးရေးဆိုင်ရာ လုပ်ငန်းများကို Focal Person အနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့ပါသည်။
    ထို့နောက် တက်ရောက်လာကြသူများက လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ် သေကြေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက် ကျူးလွန်မှုများအား ကာကွယ်တားဆီးနိုင်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြပါသည်။     
    ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ်၊ ၁၆၁၂ (၂၀၀၅)နှင့် နောက်ဆက်တွဲ ဆုံးဖြတ်ချက်များအရ သတ်မှတ်ထားသော လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှု (၆)ရပ် (Six Grave Violations)ဖြစ်သည့် ကလေးသူငယ်များအား သေကြေထိခိုက်ဒဏ်ရာရစေခြင်း၊ အရွယ်မရောက်သေးသူများအား လက်နက်ကိုင်အဖွဲ့များသို့ စုဆောင်းခြင်း၊ ကျောင်းနှင့်ဆေးရုံများအား တိုက်ခိုက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက် ကျူးလွန် ခြင်း၊ ကလေးသူငယ်များအား ပြန်ပေးဆွဲခြင်းနှင့် ကလေးသူငယ်များအား လူသားချင်းစာနာမှု ဆိုင်ရာ အထောက်အပံ့များ ပိတ်ပင်ခြင်းတို့မှ ကာကွယ်တားဆီးရန်အတွက် "လက်နက်ကိုင်ပဋိပက္ခ အတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီ" ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၇)ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။                                      

 

 

 

 

 

 

FacebookTwitter