ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ၉.၉.၂၀၁၉
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံအမတ်ကြီး H.E. Ms. Karen MacArthur အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံပါသည်။
    တွေ့ဆုံရာတွင် တာဝန်ထမ်းဆောင်ရမည့်ကာလ ပြည့်မြောက်သဖြင့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံအမတ်ကြီး H.E. Ms. Karen MacArthur က ၄င်း၏ မြန်မာနိုင်ငံဆိုင်ရာအတွေ့အကြုံများနှင့် အကြံပြုချက်များအား ဆွေးနွေး ပြောကြားရာတွင် လတ်တလောကြုံတွေ့နေရသောအခက်အခဲများအား မြန်မာအစိုးရအနေဖြင့် အကောင်းဆုံးကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံ၏တိုးတက်မှုများကို ကဏ္ဍပေါင်းစုံတွင် တွေ့မြင်ရပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း ဘေးအန္တရာယ်ဒဏ် ခံရ သောဒေသများ အမျိုးသမီးများနှင့်ကလေးသူငယ်ကဏ္ဍများတွင် ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များကို အလေးထားဆောင်ရွက်လျက်ရှိသည်ကို အသိအမှတ်ပြုပါကြောင်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လိုပါကြောင်း ဆွေးနွေးပြောကြားပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူး တင်ရှိပါကြောင်းနှင့် မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းစဉ်များ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ဆောင်ရွက် ထားရှိမှုများ၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒုက္ခသည်စခန်းများ ပိတ်သိမ်းနိုင်ရေး၊ အမျိုးသားရေး မူဝါဒရေးဆွဲနိုင်ရေး ဆောင်ရွက်နေမှုများအပေါ် ရှင်းလင်းပြောကြားခဲ့ပြီး ရှေ့ဆက်လက်၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များအပေါ် ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ ပါသည်။

FacebookTwitter