ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး Terre des hommes- Lousanne (Tdh-L)နှင့်ပူးပေါင်းဆောင်ရွက်သည့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးစီမံချက် မိတ်ဆက်ခြင်း အခမ်းအနားသို့တက်ရောက်

၁၈.၉.၂၀၁၉၊ နေပြည်တော်

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် Tdh-L တို့ ပူးပေါင်းဆောင်ရွက်သည့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးစီမံချက် အသိပေးမိတ်ဆက် ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အခြေခံလူ့အခွင့်အရေးများကို  ဒီမိုကရေစီ စံနှုန်းများနှင့်ကိုက်ညီမှုရရှိအောင် မူဝါဒများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကလေးသူငယ်များရဲ့ ရှေးဦးဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဥပဒေ (ECCD Law)နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (Child Right Law)များကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေး(၄)ရပ်ကို အပြည့်အဝရရှိအောင် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆက်လက်၍ ယခုအကောင်အထည်ဖော်ဆောင်ရွက်မည့်စီမံချက်ပါ လုပ်ငန်း တစ်ခုဖြစ်သည့် ကလေးသူငယ်များသည် မိသားစုနှင့်သာ ကြီးပြင်းနေထိုင်သင့်သည့်အတွက် မိသားစုပြန်လည်ပေါင်းစည်းရေးစီမံချက်၊ မိရင်းဖရင်းများနှင့် အတူနေထိုင်ခွင့်မရသည့် ကလေးသူငယ်များအတွက် မိဘအရင်းသဖွယ် ယာယီအစားထိုးစောင့်ရှောက်ရေးစီမံချက်နှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေပါ အခွင့်အရေးများ ရရှိစေရန်အတွက် ကလေးသူငယ် တရားစီရင်ရေးစီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါ ကြောင်း၊ ယနေ့အခမ်းအနားကိုတက်ရောက်လာကြသည့် တာဝန်ရှိသူများအနေဖြင့် ကလေး သူငယ်များသို့ ရှေးဦးဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကလေးသူငယ်များ မသိနားမလည်၍ ကျူးလွန်မှု များကို ထပ်မံမဖြစ်ပေါ်စေရေး၊ ပြန်လည်ထူထောင်ရေး၊ ကလေးသူငယ်များအား သင်တန်းကျောင်း/ ဂေဟာများသို့ အကြိမ်ကြိမ်ထပ်မံ မရောက်ရှိစေရေး၊ မိသားစုအုပ်ထိန်းသူများနှင့် အတူတကွ ကြီးပြင်းနေထိုင်နိုင်ရေးအတွက် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားအတွက် စီမံချက်ပါလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးပါရန် ပြောကြားခဲ့ပါသည်။                                                                         

ဆက်လက်၍ EU သံအမတ် (H.E. Mr. Kristian Schmidt)ကလည်း လူတိုင်းသည် ကလေးဘဝကို ဖြတ်သန်းခဲ့ရသူများဖြစ်ပါကြောင်း၊ ကလေးများ၏ အခွင့်အရေးကို တန်းတူညီမျှ ခံစားရရှိစေနိုင်ရေး၊ ကုလသမဂ္ဂကလေးသူငယ်အခွင့်အရေးများဆိုင်ရာ Convention ပါ ကလေး သူငယ်အခွင့်အရေးများကိုလည်း ဝိုင်းဝန်းဖြည့်ဆည်းပေးကြရန်အတွက် နိုင်ငံတော်အနေနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းကို ကြိုဆိုပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်မှုများအတွက် ပူးပေါင်းကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသော ကလေးသူငယ်များကလည်း ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာပြဇာတ်ကိုလည်း ကပြဖျော်ဖြေခဲ့ကြပြီး စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ EU သံအမတ်ကြီးနှင့် Tdh-L မှ တာဝန်ရှိသူများ၊ သင်တန်းကျောင်း များမှ ကျောင်းအုပ်များ၊ ကလေးသူငယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိပါသည်။

 

 

FacebookTwitter