လူ့ဘဝအစ ရက်(၁၀၀၀) ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းစည်းဝေးကျင်းပ

နေပြည်တော်၊ ၈.၁.၂၀၂၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနသည် လူ့ဘဝအစ ရက်(၁၀၀၀) ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုကာကွယ်စောင့် ရှောက်ရေးဆိုင်ရာလုပ်ငန်းများ၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ၊ ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေး ခြင်းနှင့် ကူညီပံ့ပိုးခြင်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများကို ဝန်ကြီးဌာန၏ ဦးစားပေးလုပ်ငန်းများ အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
 ထိုလုပ်ငန်းများ လုပ်ငန်းစီမံချက်တည်ရှိရာဒေသများတွင်သာမဟုတ်ပဲ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးအား ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးပါကြောင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့ဘဝအစရက်ပေါင်း (၁၀၀၀)သည် အရေးအကြီးဆုံးသော အခိုက်အတန့်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ ဦးစားပေး လုပ်ငန်း များတွင် လူ့ဘဝအစရက်ပေါင်း (၁၀၀၀)ကာလအတွင်း ဖွံ့ဖြိုးတိုးတက်ရေး အခြေခံကောင်းများ ရရှိစေမည့် လုပ်ငန်းများဖြစ်သော လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးထောက်ပံ့ရေး လုပ်ငန်းများ၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးခြင်းနှင့် ကူညီပံ့ပိုးခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုလုပ်ငန်းများ နှင့်ပတ်သက်၍ ပြည်သူလူထုတစ်ဦးချင်းစီ နားလည်သဘောပေါက်စေရေးနှင့် ပါဝင်ဆောင်ရွက် နိုင်ရေးအတွက် ပညာပေးလုပ်ငန်းများဟာ အရေးကြီးပါကြောင်းနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး နည်းလမ်းရှာဖွေဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြား ခဲ့ပါသည်။
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက အသိပညာပေးလုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည့်အစီအစဉ်များအား တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ဒုတိယညွှန်ကြားရေးချုပ်နှင့် ဌာနခွဲညွှန်ကြားရေးမှူးများက သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter