ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြည်ပအဖွဲ့အစည်းများအားလက်ခံတွေ့ဆုံ

 နေပြည်တော်၊ ၂၀.၁.၂၀၂၀
    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား Community and Family Services International(CFSI) နှင့် အပြည်ပြည် ဆိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့ (HelpAge International (Myanmar)) အဖွဲ့အစည်းများက  ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီလာရောက် တွေ့ဆုံခဲ့ပါသည်။

Community and Family Services International(CFSI)နှင့်တွေ့ဆုံရာတွင် ဝန်ကြီးဌာနနှင့် CFSI အဖွဲ့အစည်းတို့ ပူးပေါင်း၍ လူမှုဝန်ထမ်း ဝန်ဆောင်မှုလုပ်ငန်းများနှင့် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်ရာတွင် လိုအပ်သည့် လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာလတို/ကာလရှည်သင်တန်းများအား CFSI အခြေစိုက် ဖိလစ်ပိုင်နိုင်ငံရှိ ဖိလစ်ပိုင်တက္ကသိုလ်အပါအဝင် နိုင်ငံတကာတက္ကသိုလ်များနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ လူမှုဝန်ထမ်းလုပ်ငန်းများအား ကျေးရွာအဆင့်အထိ ရောက်ရှိ နိုင်ရေး၊ လူမှုဝန်ထမ်းလုပ်အားပေးစေတနာ့ဝန်ထမ်းများပေါ်ထွက်ရေး၊ အဆိုပါ စေတနာ့ဝန်ထမ်း များအား လိုအပ်သောသင်တန်းများနှင့် နည်းပညာအကူအညီများပေးအပ်နိုင်ရေးနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

 ဆက်လက်၍ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့ (HelpAge International (Myanmar)) တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေဖြင့် သက်ကြီးရွယ်အိုအခွင့်အရေးများ ဖေါ်ဆောင်ပေးရေးနှင့် ကောင်းမွန်သော သက်ကြီးရွယ်အိုဘဝ ရရှိစေရေးအတွက် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေကို ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလက ပြဌာန်းခဲ့ပြီးဖြစ်ရာ သက်ဆိုင်ရာနည်းဥပဒေများပေါ်ထွက်လာရေး၊ သက်ကြီးရွယ်အိုဆိုင်ရာမူဝါဒရေးဆွဲဆောင်ရွက်နိုင်ရေး၊ ဥပဒေ၊ နည်းဥပဒေနှင့်မူဝါဒများကို အကောင်အထည်ဖေါ်ရန် မဟာဗျူဟာရေးဆွဲ၍ အကောင်အထည်ဖေါ်ဆောင်ရွက်ရေး စသည့် လုပ်ငန်းစဉ်များတွင် HAI အဖွဲ့အစည်းအနေဖြင့် လိုအပ်သည့်နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ အကူအညီများပေးအပ်၍ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ လူမှုအားမာန်အဖွဲ့ Inclusive Self - Help Group (ISHG) အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်နေမှုနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ မိသားစုမှ စောင့်ရှောက်မပေးနိုင်သည့် လမ်းပေါ်နေ သက်ကြီးရွယ်အိုများအား ထောက်ပံ့ကူညီ၍ ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် သက်ကြီး ရွယ်အိုများနှင့် မသန်စွမ်းမှုဆိုင်ရာကိစ္စရပ်များကို ပူးတွဲဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter