စစ်ကိုင်းတိုင်းဒေသကြီး လူငယ်စင်တာ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်

မုံရွာ၊ ၂၇.၂.၂၀၂၀
    လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အတူ ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မူလတန်းကြိုကျောင်းသို့ရောက်ရှိကြပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသော လုပ်ငန်း များကို ပြည်သူလူထု ထိရောက်စွာအကျိုးခံစားရရှိစေရေး ဆက်စပ်ဌာနဆိုင်ရာများနှင့်ချိတ်ဆက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ  လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့ အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင် ရွက်နိုင်ရေးကိစ္စများကို ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်နှင့်အဖွဲ့သည် မူလတန်းကြိုကျောင်းရှိ ကလေးငယ် များအား အာဟာရမုန့်နှင့် ကစားစရာအရုပ်များကို ပေးဝေခဲ့ကြပါသည်။
    မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးသန်း၊ စစ်ကိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီဥက္ကဌ၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းတို့နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး လူငယ် စင်တာကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခြင်းနှင့် လူငယ်စင်တာမုခ်ဦးကို အမွှေးနံ့သာများဖြင့် ပတ်ဖြန်းပေးခဲ့ကြပါသည်။
    အခမ်းအနားတွင် မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက စစ်ကိုင်းတိုင်းဒေသကြီး လူငယ်စင်တာကို ဖွင့်လှစ်နိုင်သည့်အတွက် စစ်ကိုင်းတိုင်း ဒေသကြီးလူငယ်ထုအတွက် ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ခြင်းသည် ပူးပေါင်းဆောင်ရွက်မှု၏ အကျိုးရလဒ်ဖြစ်ပါကြောင်း၊ လူငယ်များနှင့် ပတ်သက်သည့် လူငယ်မူဝါဒကို အစိုးရစတင်တာဝန်ယူခဲ့စဉ် ရက်(၁၀၀)စီမံချက်တွင် ထည့်သွင်းဖော်ဆောင်ခဲ့ပါကြောင်း၊ လူငယ်များ၏ ရပ်တည်မှုနှင့်ဖွံ့ဖြိုး တိုးတက်မှုအတွက် ကိုယ်စားပြုလူငယ်များဖြင့် လူငယ်များကိုယ်တိုင် ရေးဆွဲခဲ့ကြ ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၌ လူငယ်စင်တာနေရာ ရရှိပြီးဖြစ်သည့်အတွက် ထိုနေရာမှ လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးကို စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ လူငယ်စင်တာနေရာ ရရှိပြီးဖြစ်သည့်အတွက်  လူငယ်မူဝါဒကို အကောင်အထည်ဖော်ရန် တာဝန်များ ရှိလာပါကြောင်း၊ ထိုတာဝန်ကို အစိုးရနှင့်လူငယ်များအပါအဝင် ပြည်သူများအားလုံးက ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လူငယ်တစ်ဦးချင်းသည် အနာဂတ်အတွက် တန်ဖိုးရှိပါကြောင်း၊ လူငယ်များသည် ကိုယ့်၏တန်ဖိုးကို မြှင့်တင်သွားရန် ကိုယ်တိုင်ကြိုးစားကြရမည် ဖြစ်ကြောင်း၊ တန်ဖိုးရှိသည့် အချိန် အကန့်အသတ်အတွင်း ကိုယ့်လူငယ်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင် သွားနိုင်ပါက နောင်လူငယ်များအား လက်ဆင့်ကမ်းအမွေကောင်းများ ပြန်လည်ပေးအပ်နိုင်မည် ဖြစ်ပါကြောင်း၊ မိမိဆောင်ရွက်ခဲ့သည့် ကာလအတွင်း မည်မျှဖွံ့ဖြိုးတိုးတက်မှု၊ အောင်မြင်မှု၊ ငြိမ်းချမ်းမှု များရရှိအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းသည် သမိုင်းမှတ်တိုင်များဖြစ်မည် ဖြစ်ကြောင်း၊ တာဝန်ယူ ဆောင်ရွက်မှုများတွင် အခက်အခဲများ ရှိမည်ဖြစ်ပါကြောင်း၊ မည်မျှပင် အခက်အခဲရှိစေကာမူ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ကျော်လွှားသွားရမည်ဖြစ်ကြောင်း၊ လူငယ်စင်တာတွင် လူငယ်များ အတွက် အနုပညာ၊ အားကစားနှင့် လူငယ်အချင်းချင်း ထိတွေ့ဆက်ဆံ သင်ယူရန်ဖြစ်ပြီး လက်တွေ့အကျိုးရှိမည့် အသက်မွေးဝမ်းကျောင်း သင်တန်းများ လေ့ကျင့်ပေးနိုင်မည် ဖြစ်ကြောင်း၊ လူငယ်မူဝါဒပါ  ကဏ္ဍ(၁၆)ရပ်ကို အကောင်အထည်ဖော်မှု စတင်ရန် နေရာဖြစ်ပါကြောင်း၊ လူငယ်မူဝါဒကို အကောင်အထည်ဖော်ရာ၌ မဟာဗျူဟာအပေါ် အခြေခံပြီး မိမိတို့ဒေသ လိုအပ်ချက်နှင့် ကိုက်ညီသည့် လုပ်ငန်းစဉ်များ ရေးဆွဲဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပံ့ပိုးကူညီမှုများကို ပြည်သူများ၊ အဖွဲ့အစည်းများ အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် လူငယ်မူဝါဒ အကောင်ထည်ဖော်ရန် ပုံမှန် ရန်ပုံငွေရရှိရေးကို လျာထားဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနက လူငယ်မူဝါဒ အကောင်အထည်ဖော်ရန် ၂၀၁၈ −၂၀၁၉ နှင့် ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ်များအတွက်  တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ရန်ပုံငွေ ခွဲဝေပေးခဲ့ပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရများကလည်း ပံ့ပိုးပေးလျက်ရှိကြပါကြောင်း၊ လူငယ်မူဝါဒနှင့်သက်ဆိုင်သည့် ဆက်စပ်ဝန်ကြီးဌာနများကိုလည်း ကဏ္ဍာများအလိုက် ရန်ပုံငွေများ လျာထားပေးနိုင်ရေး တိုက်တွန်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် မိမိတို့ဝန်ကြီးဌာနနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးထားသည့် နိုင်ငံတကာအဖွဲ့အစည်းများက လူငယ်ကဏ္ဍများတွင် ပူးပေါင်းပံ့ပိုးနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်များ ဆောင်ရွက်ကြရာတွင် လူငယ်များ အချင်းချင်း၊ လူငယ်အဖွဲ့အစည်းများ အချင်းချင်းနှင့် လူငယ်၊ လူလတ်နှင့် လူကြီးများအကြား စည်းလုံး ညီညွတ်မှုရှိကြရန် အရေးကြီးသည်ကို အထူးပြောစရာပင် မလိုပါကြောင်း၊ စည်းလုံးညီညွတ်မှုမရှိပါက ရှေ့ဆက်လျှောက်လှမ်းရန် ခက်ခဲကြမည်ဖြစ်ပြီး ထိုကာလသည် အကျိုးမဲ့ကုန်ဆုံးသွားမည် ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါး အန္တရာယ်သည် အားလုံးနှင့်သက်ဆိုင်ပြီး လူငယ်များ၏ ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုများကို ဟန့်တားနှောက်ယှက်လျက် ရှိပါကြောင်း၊ လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးကို လုံးဝ မစမ်းသပ်ကြည့်ကြစေလိုကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မိမိတို့ဝန်ကြီးဌာနတို့ပူးပေါင်း၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မူးယစ် ပညာပေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်စီစဉ်လျက်ရှိရာ လူငယ်များအနေဖြင့် ပူးပေါင်းပါဝင်ကြစေလိုကြောင်း၊ မိမိတို့အားလုံး လျှောက်လှမ်းနေသည့် စစ်မှန်သည့်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရန် ဆောင်ရွက်ရာတွင် ပြည်သူဆန္ဒနှင့်အညီဖြစ်ရန်နှင့် တစ်ဦးချင်းစီ၏ အခြေခံအခွင့်အရေး များကို ဖော်ဆောင်ပေးရမည်ဖြစ်ရာ ယခုလူငယ်မူဝါဒကို ဖော်ဆောင်ခဲ့ခြင်းသည် လူငယ်များ၏ အခြေခံ အခွင့်အရေးများကို ဖော်ဆောင်ပေးရန်ဖြစ်ပြီး လူငယ်အများစု၏ သဘောဆန္ဒနှင့်အညီ အကောင်အထည်ဖော်ရန် လူငယ်များအနေဖြင့် ထိုလူငယ်မူဝါဒကို ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် လေ့လာပြီး ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က မိမိတို့ဒေသ၌ လူငယ်ရေးရာမူဝါဒ အကောင်အထည်ဖော်ရာတွင် အစိတ်အပိုင်းတစ်ခုဖြစ်သည့် လူငယ်စင်တာပေါ်ပေါက်လာသည့် အတွက် ဂုဏ်ယူရပါကြောင်း၊  စင်တာပေါ်ပေါက်ပြီးဖြစ်သည့်အတွက် မူဝါဒပါ ရည်ရွယ်ချက်များ အတိုင်း အကောင်အထည်ဖော်ကြစေလိုကြောင်းနှင့် လူငယ်စင်တာကို လူငယ်များအတွက် ပတ်ဝန်းကျင် ကောင်းတစ်ခုအဖြစ် ဝိုင်းဝန်းဖန်တီးပေးကြရန် တိုက်တွန်းပါကြောင်း  ပြောကြား ခဲ့ပါသည်။
    ဆက်လက်၍ စစ်ကိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဥက္ကဌ၊ လူမှုရေးဝန်ကြီးက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
    ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ အတွင်းရေးမှူးဦးဝေမိုးနိုင်က လူငယ်စင်တာ ရရှိရေး ဆောင်ရွက်ခဲ့မှုများနှင့် လူငယ်ရေးရာမူဝါဒ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း၌ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ကိစ္စများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
    ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ကွန်ရက်၊ ဦးဆောင်ကော်မတီဝင်ဟောင်း ဦးဇော်သူရိန်ထွန်းနှင့် ဦးဆောင်ကော်မတီဝင် ဦးကိုကိုအောင်တို့က လူငယ်စင်တာဖွင့်လှစ်နိုင်ခြင်း အတွက် မုဒိတာစကားများ ပြောကြားခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့နှင့် တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးခဲ့ ကြပါသည်။
    ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် ပုလဲနဒီကုမ္ပဏီတို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး ဂျပန်ဘာသာစကား ဖွင့်လှစ်သင်ကြားပေးမှုများနှင့် လူငယ်စင်တာကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter