ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံလုံးဆိုင်ရာ တမီ(လ်)ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို) က ကျင်းပသည့် တောင်သူလယ်သမား ဦးကြီးများအား ဂုဏ်ပြုသည့် ကောက်သစ်စားပွဲတော် အထိမ်းအမှတ် ပွဲတက်ရောက်

ရန်ကုန်၊ ၂.၃.၂၀၂၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မနေ့က ညနေပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏဘူမိ (Event Park)တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တမီ(လ်)ဟိန္ဒူဖောင်ဒေးရှင်း (ဗဟို)က ကျင်းပပြုလုပ်သည့် တမီ(လ်)မျိုးနွယ်စုများ၏ ရိုးရာပွဲတော်တစ်ခုဖြစ်သည့် ပွန်ဂဲ (ခေါ်) တောင်သူလယ်သမား ဦးကြီးများအား ဂုဏ်ပြုသည့် ကောက်သစ်စားပွဲတော် အထိမ်းအမှတ်ပွဲသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ သံတမန်များ၊ ဘာသာပေါင်းစုံအဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တမီ(လ်) ဟိန္ဒူမျိုးနွယ်စုဝင်များ၊ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီ(လ်)ဟိန္ဒူဖောင်ဒေးရှင်း အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ သံအမတ်ကြီးများနှင့် တက်ရောက်လာကြသောပုဂ္ဂိုလ်များက ဆီမီးတိုင်များကို ထွန်းညှိကြပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ တမီ(လ်)ဖောင်ဒေးရှင်း တာဝန်ရှိသူများက တက်ရောက်လာကြသော ပုဂ္ဂိုလ်များကို ပုဝါနှင့် ပန်းကုံးများဖြင့် ဂုဏ်ပြုခဲ့ကြပါသည်။ထို့နောက်ပြည်ထောင်စုဝန်ကြီးက မုဒိတာစကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက မုဒိတာစကားပြောကြားရာတွင် ယနေ့သည် တောင်သူလယ်သမားနေ့ဖြစ်ပြီး တောင်သူလယ်သမား ဦးကြီးများကို ရိုးရာယဉ်ကျေးမှုကောက်သစ်စားပွဲတော် အထိမ်းအမှတ်ဖြင့် ဂုဏ်ပြုခြင်း ဖြစ်၍ မင်္ဂလာရှိပါကြောင်း၊ ဤအခမ်းအနားသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တမီ(လ်) မျိုးနွယ်စုများနှင့် ပြည်သူများ သုံးသောင်းကျော် တက်ရောက်ခြင်းသည် စုစည်းညီညွတ်မှုအင်အားကို ဖော်ပြခြင်းဖြစ်ကြောင်း၊ ဘာသာပေါင်းစုံ အဖွဲ့အစည်းများမှ ခေါင်းဆောင်များစုံညီစွာ တက်ရောက်ကြခြင်းသည် မြန်မာနိုင်ငံသည် ဘာသာပေါင်းစုံညီညွတ်စွာနေထိုင်ကြခြင်းကို ပြသခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ သံတမန်များ တက်ရောက်အားပေးခြင်းဖြင့် မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ ပြည်ထောင်စုစိတ်ဓါတ်ဖြင့် နေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်ကို ကမ္ဘာ့နိုင်ငံများ ကို လက်တွေ့ထင်ဟပ်ပြသနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ အနုပညာရှင်များနှင့် အိန္ဒိယနိုင်ငံမှ ဟိန္ဒူတမီ(လ်)မျိုးနွယ်စုများ၏ အနုပညာကပွဲများ ပါဝင်သဖြင့် အနုပညာစွမ်းအားဖြင့် ပြည်သူများ၏ စိတ်ကို နူးညံ့ပျော့ပျောင်းစေခြင်း၊ စိတ်ဓါတ်တက်ကြွစေခြင်းတို့ကြောင့် လူမှုသဟဇာတဖြစ်စေခြင်း၊ ပူးပေါင်း ဆောင်ရွက်လိုစိတ်ရှိခြင်းတို့ ဖြင့်  နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ဖြင့် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ဤ ပွဲတော်သည် တမီ(လ်) လူမျိုးများ၏ စည်းလုံးညီညွတ်မှု ပိုမိုအားကောင်းလာခြင်းကို ပြသသဖြင့် နိုင်ငံအတွက် အားတက်မိကြောင်း၊ အားလုံးညီညွတ်မှုစွမ်းအားဖြင့် ဒီမိုကရေစီလမ်းကြောင်းကို လျောက်လှမ်းရာတွင် အခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတည်ဆောက်ရာတွင် ယခုလို ညီညွတ်မှုအင်အားကို ပိုမိုမြှင့်တင်ခြင်းဖြင့် အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ တောင်သူလယ်သမားဦးကြီးများအားဂုဏ်ပြုခြင်းကို ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံမှ အနုပညာရှင်များနှင့် အိန္ဒိယနိုင်ငံမှ အနုပညာရှင်များက အဆိုအက ဟာသစွယ်စုံပါဝင်သော ပဒေသာဖျော်ဖြေမှုပုံစံဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်၊ ဤပွဲသို့တက်ရောက်လာသူတစ်ဦးချင်းအား Covid 19 ကာကွယ်ရေးအတွက် အဖျားရှိမရှိ စိစစ်ပြီးမှ ဝင်ခွင့်ပြုခဲ့ကြောင်း သတင်းရရှိပါ သည်။

 

FacebookTwitter