ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်ရှိ IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် COVID-19 ရောဂါဆိုင်ရာ စီမံချက်အကောင်အထည်ဖော်ခြင်းနှင့် အခြားပြည်နယ်များတွင် ဆောင်ရွက်နေမှုများ ညှိနှိုင်းဆွေးနွေး

ဧပြီလ ၁၉ ၊ နေပြည်တော်
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ရှိ IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် COVID-19 ရောဂါဆိုင်ရာစီမံချက် အကောင်အထည်ဖော်ခြင်းနှင့် အခြားပြည်နယ်များတွင် ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက Video Conference ဖြင့် ညှိနှိုင်းဆွေးနွေး ခဲ့ပါသည်။
    အဆိုပါ Video Conference သို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီးနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။
    ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် COVID-19 ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးစီမံချက်ကို မတ်လ၊ ၂၈ ရက်နေ့က အတည်ပြုခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ စီမံချက်ကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်များအပြင် ချင်းပြည်နယ်ကိုပါ ထည့်သွင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံချက်ကို မြေပြင်တွင် လက်တွေ့ဆောင်ရွက်မှု၊ တိုးတက်မှုများကို မှတ်တမ်းအထောက်အထားများ ရယူထားရန်လိုအပ်ပါကြောင်း၊ စီမံချက်ကို အကောင်အထည်ဖော်ရန် လုပ်ငန်းစဉ်များအလိုက် ကုန်ကျစရိတ်များ တွက်ချက်ထားရှိပြီး ဖြစ်ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ပုံမှန်ဆောင်ရွက်ပေးနေသော သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော ကလေးအသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်များတွင် ထပ်ဆောင်းပံ့ပိုးမည့် အစီအစဉ်များလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ COVID -19 ရောဂါဖြစ်ပွားစဉ်ကာလအတွင်း အသက် (၆၀)နှစ် နှင့်အထက် နှင့် အသက်(၈၅)နှစ်အောက် သက်ကြီးရွယ်အိုများကို ကိုယ်ခံအားမြှင့်တင်ပေးရန်အတွက် အာဟာရပံ့ပိုးမှုငွေကြေးတစ်ကြိမ် ထောက်ပံ့ခြင်းကို ဆောင်ရွက်ရန်စီစဉ်ထားပြီးဖြစ်ကြောင်း၊ IDP စခန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စီစဉ်ညွှန်ကြားမှုအတိုင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အသွားအလာကန့်သတ်ခြင်း၊ သီးခြားခွဲခြားနေထိုင်ခြင်းများ ဆောင်ရွက်ရန်နေရာများကိုလည်း ကြိုတင်စီစဉ်ထားရန် လိုအပ်ကြောင်း၊ ကူးစက်ခံရသူများ ရှိလာ ပါက ထိရောက်သောကုသမှုများ ဆောင်ရွက်ပေးနိုင်ရန် ညွှန်းပို့ရမည့် ဆေးရုံသတ်မှတ်ထားရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ထားရန် လိုအပ်ကြောင်းနှင့်   သက်ဆိုင်ရာပြည်နယ်များအလိုက် ဖြည့်ဆည်းပေးရမည့် လိုအပ်ချက်များကို ဆွေးနွေးပေးကြစေလို ကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးညီပုက ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်း များနှင့် တိုက်ပွဲရှောင်စခန်းများအတွင်း နေထိုင်ကြသူများ Quarantine ပြုလုပ်ရန် လိုအပ်လာပါက ဆောင်ရွက်ရန် နေရာပြင်ဆင်ထားရှိမှုများ၊ COVID – 19 နှင့်ပတ်သက်၍ သက်ဆိုင်ရာ ဆေးရုံ များတွင် စီစဉ်ဆောင်ရွက်ထားမှုကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက COVID – 19 ရောဂါ ကုသရေးနှင့်ပတ်သက်၍ မြို့နယ်များအလိုက် ကျန်းမာရေးဌာနများ၊ ဆေးရုံများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်ညှိနှိုင်း၍ လိုအပ်သောဆေးရုံသုံး ပစ္စည်းများရရှိရေး ဆောင်ရွက်ထား ရှိမှုများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကြက်ခြေနီ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း စီစဉ်ထားရှိမှုများကို ဆွေးနွေးခဲ့ပါသည်။
    ယင်းနောက် ဝန်ကြီးဌာနရှိ ညွှန်ကြားရေးမှူးချုပ်များက IDP စခန်းများနှင့် တိုက်ပွဲရှောင် စခန်းများတွင် နေထိုင်သူများအတွက် အဝတ်ဖြင့်ချုပ်ထားသည့် ပါးစပ်နှင့် နှာခေါင်းစည်းများ၊ ဆပ်ပြာ၊ ရေနှင့် လက်သန့်ဆေးရည်များ လုံလောက်စွာရရှိရေး စီမံပေးခြင်း၊ စခန်းများအတွင်း လက်ဆေးရန်ဘေးစင်များတပ်ဆင်ပေးခြင်း၊ ကိုယ်ပူချိန်တိုင်းကိရိယာများ ထားရှိခြင်း၊ ပိုးသတ် ဆေးရည် ဖြန်းခြင်း၊ သန့်စင်ခန်းများတွင် သန့်ရှင်းမှုရှိစေရန် စီမံဆောင်ရွက်ခြင်းနှင့် စားရေရိက္ခာ ရရှိရေး ပံ့ပိုးကူညီခြင်း စသည့်လုပ်ငန်းစဉ်များအလိုက် ကုန်ကျစရိတ်တွက်ချက်ထားမှုများ၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များကို ငွေကြေးတစ်ကြိမ် ထောက်ပံ့ပေးနိုင်ရေး၊ IDP စခန်းများနှင့် တိုက်ပွဲရှောင် စခန်းများရှိ အသက်(၆၀)နှစ်နှင့်အထက် အသက်(၈၅)နှစ်အောက် သက်ကြီးရွယ်အိုများအား ငွေကြေး တစ်ကြိမ်ထောက်ပံ့နိုင်ရေးစီစဉ်ထားမှုများကို အသီးသီး တင်ပြဆွေးနွေးခဲ့ကြပါသည်။
    ထို့နောက် IDP စခန်းများနှင့်တိုက်ပွဲရှောင်စခန်းများရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID-19 ကူးစက်ရောဂါကာကွယ်ထိန်းချုပ် တုံ့ပြန်ရေးဆိုင်ရာ အသိပေးနှိုးဆော်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရေးမြှင့်တင်ရန်၊ လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာ ကိစ္စများတွင် ICRCနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် စေတနာလုပ်အားရှင်များ၊ လူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး Video  Conference ဖြင့် သက်ဆိုင်ရာပြည်နယ်အသီးသီးမှ ပါဝင်သူများက လိုအပ်ချက်အလိုက် ပူးပေါင်းပါဝင် ဆွေးနွေးခဲ့ကြ ကြောင်းသတင်းရရှိပါသည်။

FacebookTwitter