ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တနင်္သာရီတိုင်းဒေသကြီးအတွင်း စေတနာ့ဝန်ထမ်း အသိအမှတ်ပြု ဂုဏ်ပြုလွှာများ ပေးအပ်

ထားဝယ်၊ ၁၂.၇.၂၀၂၀
    အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အနေဖြင့်  COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များ အား အသိအမှတ်ပြုဂုဏ်ပြုလွှာများ ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်း ဒေသကြီးအတွက် ဂုဏ်ပြုလွှာများကို ဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်  ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ထားဝယ်မြို့၌ ပေးအပ်ခဲ့ပါသည်။
    ထိုသို့ပေးအပ်ရာတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်မောင်၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  ထားဝယ်မြို့ ကွန်ပြူတာတက္ကသိုလ်နှင့် သာသနာ့ဗိမာန် တို့တွင် Quarantine Center များအဖြစ် ဖွင့်လှစ်ထားသည့်နေရာများသို့ ရောက်ရှိကြပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များ အားလုံးအတွက် အသိအမှတ်ပြုဂုဏ်ပြုလွှာများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံပေးအပ်ခြင်း၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များ၊ ပါးစပ်နှင့် နှာခေါင်းစည်းများနှင့် လက်သန့်ဆေးရည်များကို စေတနာ့ဝန်ထမ်းနှင့် ပရဟိတကိုယ်စားလှယ်တို့ထံ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
    ထို့အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ရန်ပုံငွေဖြင့်  တနင်္သာရီတိုင်းဒေသကြီးအတွင်း Quarantine Center များရှိ ကိုယ်ဝန်ဆောင်မိခင် (၄၄) ဦး၊ အသက် (၅) နှစ်အောက် ကလေး (၄၁) ဦး၊ အသက် (၆၀) နှစ်နှင့်အထက် သက်ကြီးရွယ်အို (၁၄) ဦး တို့အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃) သောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၂,၉၇၀,၀၀၀) ကို ပြည်ထောင်စုဝန်ကြီးက စခန်းတာဝန်ခံတို့ထံသို့ ပေးအပ်ခဲ့ပြီး ပြည်ပမှပြန်လည် ဝင်ရောက်လာကြသူများနှင့်ပတ်သက်၍ ဆောင်ရွက်မှုများ၊ စေတနာ့ဝန်ထမ်းများ၏ အခက်အခဲ၊ လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် မေးမြန်းဆွေးနွေးခဲ့ပါသည်။
    ယနေ့ စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့က တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ ဝန်ထမ်း (၃၉၂၇) ဦး၊ ပရဟိတအဖွဲ့ (၁၆၀) ဖွဲ့တို့အတွက် ပေးအပ်ခဲ့သည့် ဂုဏ်ပြုလွှာများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုး ကူညီရေးအဖွဲ့ တာဝန်ရှိသူ များက အဆင့်ဆင့် စိစစ်၍ လက်ဝယ်အရောက်ဆက်လက် ပေးအပ်သွား မည်ဖြစ်ပါသည်။
    စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အနေဖြင့် ဂုဏ်ပြုလွှာများပေးအပ်ခဲ့ပြီးသည့် တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် စာရင်းကျန်ရှိခြင်းနှင့် ထပ်တိုးခြင်းများရှိပါကလည်း စိစစ်၍ မြို့နယ်စေတနာ့ ဝန်ထမ်းပံ့ပိုး ကူညီရေးအဖွဲ့ တာဝန်ရှိသူများမှတစ်ဆင့် ဂုဏ်ပြုလွှာများ ထပ်မံပေးအပ်လျက် ရှိပါသည်။
    ယနေ့ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဂုဏ်ပြုလွှာများပေးအပ်ခြင်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ရောဂါပြန့်ပွားမှုမရှိစေရေး လိုက်နာရန်ထုတ်ပြန် ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြပါသည်။
    မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ်၊ ရေးမြို့သို့ရောက်ရှိပြီး လူမှုဝန်ထမ်း ဦးစီးဌာန၊ ရေးမြို့မူလတန်းကြိုကျောင်း နှစ်ထပ်ကျောင်းဆောင် ဆောက်လုပ်လျက်ရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး လုပ်ငန်းများအချိန်မီပြီးစီးရန်နှင့် စံနှုန်းပြည့်မီစေရေး တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ရေးမြို့နယ်၊ အစင်စံပြကျေးရွာ၊ စွန်းလွန်းဂူဓမ္မအေးရိပ်သာကျောင်းတိုက်သို့ ရောက်ရှိပြီး ဆရာတော် ဘဒ္ဒန္တတိလောက     အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့်အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ထို့နောက် အဆိုပါကျောင်းတိုက်တွင် ထားရှိသော Quarantine Center ရှိ အသက် (၅)နှစ်အောက် ကလေးငယ်များအတွက် တစ်ဦးလျှင် ငွေကျပ်(၃)သောင်းနှုန်း၊ အာဟာရမုန့်နှင့် ကစားစရာအရုပ်များ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter