ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်စခန်းများနှင့် IDP စခန်းများရှိ အိမ်ထောင်စုများအား စားနပ်ရိက္ခာ အတွက် ငွေကြေးထောက်ပံ့ခြင်းနှင့် ပိုးတွေ့လူနာ/ သံသယလူနာများအား သီးခြားထားရှိရန် ယာယီ

နေပြည်တော်၊ ၂၁.၈.၂၀၂၀
    ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်စခန်းများနှင့် IDPစခန်းများတွင် နေထိုင်ကြသော အိမ်ထောင်စု များအား အစိုးရ၏ COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ စားနပ်ရိက္ခာအတွက် ငွေကြေးထောက်ပံ့ခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ COVID-19 ရောဂါကာကွယ်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုအစီအစဉ်အရ စခန်းများတွင် ပိုးတွေ့လူနာ/ သံသယလူနာများအား သီးခြားထားရှိရန် ယာယီအဆောက်အဦများ ဆောက်လုပ်နိုင် ရေး ရန်ပုံငွေထောက်ပံ့ခြင်းတို့ကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၌ အွန်လိုင်းစနစ်ဖြင့်ပြုလုပ်ခဲ့ပါသည်။
    အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ရခိုင်ပြည်နယ်အစိုးအရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက COVID-19 ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာ လိုက်ချိန်မှစ၍ မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ IDP စခန်းများ၊ တိုက်ပွဲရှောင်စခန်းများရှိ နေရပ်စွန့်ခွာရသူများအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် “COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေးစီမံချက်” ကို ရေးဆွဲခဲ့ပါကြောင်း၊ ထိုစီမံချက်အရ ဝန်ကြီးဌာနအနေဖြင့်  နေရပ်စွန့်ခွာသူများရှိသည့်  ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် COVID-19 ကာကွယ်ရေးအစီအစဉ်များကို မတ်လထဲက စနစ်တကျ ကြိုတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ အကောင်အထည်ဖော်သည့်အစီအစဉ်များကို သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လူမှုအဖွဲ့အစည်း များ၊ သက်ဆိုင်ရာဌာနများအားလုံးနှင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ အသိပညာပေး မှုများကို အဓိကဆောင်ရွက်ပါကြောင်း၊ Mask များ ဖြန့်ဝေခြင်း၊ လက်ဆေးနိုင်ရေးအတွက် လက်ဆေးဘေစင်များကို အနှံ့အပြားမှာတည်ဆောက်ပေးခြင်းနှင့် ရေရရှိရေးအတွက်လည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများအတွက် COVID-19 ကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်၍ စနစ်တကျ ဆောင်ရွက်ရသည့် လုပ်ငန်းလမ်းညွှန် (SoP) ကိုရေးဆွဲပြီး ဆောင်ရွက်ပါကြောင်း၊ စခန်းများတွင် COVID-19 ရောဂါလက္ခဏာများ တွေ့ရှိရပါက လူနာညွှန်းပို့ခြင်းလုပ်ငန်းစဉ်များ၊ စောင့်ကြည့်လူနာများနှင့် သံသယလူနာများအား သီးခြားသတ်မှတ်ထားသောနေရာများနှင့်     ဆေးရုံများသို့ အချိန်မီလွှဲပို့နိုင်ရေးအတွက် အစီအစဉ် များ စသည့်တို့ကိုထည့်သွင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုအစီအစဉ်များအရ  ယာယီအဆောက်အဦ များ ဆောက်လုပ်နိုင်ရန် ရန်ပုံငွေများကို ယနေ့ပေးအပ်မှာဖြစ်ပါကြောင်း၊ ထို့အပြင် အစိုးရက COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) ကို ချမှတ်ခဲ့ရာ  အဓိကအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မိမိတို့ဝန်ကြီး ဌာန (၃)ခုကို ရွေးချယ်၍ ပြည်သူများအတွက် တိုက်ရိုက်အကျိုးရှိစေမည့် အထောက်အပံ့များ ပေးနိုင်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုအစီအစဉ်အရ မိမိတို့ဝန်ကြီးဌာနအနေဖြင့် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းတွင် နေထိုင်ကြသော အိမ်ထောင်စုများ စားနပ်ရိက္ခာများဝယ်ယူနိုင်ရန်အတွက် ထောက်ပံ့မှုများကို ပေးအပ်မှာဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ဘဏ္ဍာငွေကြေးအကန့်အသတ်ဖြင့် သုံးစွဲနေရသော်လည်းပြည်သူများဘေးဒုက္ခကျရောက်နေချိန်တွင် ပြည်သူများတိုက်ရိုက်အကျိုးရှိမည့် လုပ်ငန်းများကို ဆောင်ရွက်ပေးပါကြောင်း၊ ထို့ကြောင့် အကန့်အသတ်ရှိသော ဘဏ္ဍာငွေများကို အလေအလွင့်မရှိအောင် ထိထိရောက်ရောက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခုလိုထောက်ပံ့မှု အစီအစဉ်များကို COVID-19 ကြောင့် အသွားအလာကန့်သတ်မှုများရှိလာ၍ ယခုလို အွန်လိုင်း စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်းနှင့် ရခိုင်ပြည်နယ်အစိုးရ၏ လက်ရှိကြုံတွေ့နေရသည့် အခက်အခက်များကို အားလုံးက ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း  ပြောကြားခဲ့ပါသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က CERP အစီအစဉ်အရ တစ်နိုင်ငံလုံးရှိ အသက် (၈၀)နှစ်နှင့် (၈၅) နှစ်အကြား သက်ကြီးရွယ်အိုများအား ငွေကြေးတစ်ကြိမ်ထောက်ပံ့ခြင်း၊ မသန်စွမ်းသူများအား ငွေကြေးတစ်ကြိမ်ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ငွေကြေးတစ်ကြိမ်ထောက်ပံ့ခြင်း အစီအစဉ်များကိုရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့အပြင် ရခိုင်ပြည်နယ်သည် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှ မွေားဖွားသောကလေး အသက်(၂) နှစ်အထိ ငွေကြေးထောက်ပံ့ခြင်း (MCCT)အစီအစဉ်တွင် အကျုံးဝင်နေသည့်အတွက် CERP အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်များအား ငွေကြေးတစ်ကြိမ် ထောက်ပံ့ခြင်းအစီအစဉ်တွင် မပါဝင်တော့သော်လည်း MCCT အစီအစဉ်အရ ထောက်ပံ့မှုများကို COVID-19 ကာလ သတ်မှတ်ထားသောစည်းကမ်းများနှင့်အညီ ဆက်လက် ပေးအပ်သွားမှာ ဖြစ်ကြောင်း ရှင်းလင်းတင်ပြ ခဲ့ပါသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးညီပုက ထောက်ပံ့မှုများသည် ရခိုင်ပြည်နယ်တွင် နေထိုင်ကြသူများအတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊ အလေအလွင့် မရှိအောင် ဆောင်ရွက်မှာဖြစ်ပါကြောင်းနှင့် ရခိုင်ပြည်နယ်အတွက် ကူညီထောက်ပံ့မှုများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် COVID-19 စီးပွားရေးကုစားမှုအစီအစဉ်အရ ရခိုင်ပြည်နယ်ရှိ IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများရှိ အိမ်ထောင်စုများအတွက် စားနပ်ရိက္ခာများဝယ်ယူနိုင်ရန် အိမ်ထောင်စု      (၄၀,၁၀၃)စုအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် ၁,၆၀၄,၁၂၀,၀၀ဝိ/- (ကျပ်တစ်သောင်း ခြောက်ထောင် လေးဆယ့် တစ်သိန်း နှစ်သောင်းတိတိ) နှင့်  ဝန်ကြီးဌာန၏ COVID -19 ရောဂါကာကွယ်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှု အစီအစဉ်အရ စခန်းများတွင် ပိုးတွေ့လူနာ/ သံသယလူနာများအား သီးခြားထားရှိရန် ယာယီအဆောက်အဦ Long House အလုံး (၃၀) ဆောက်လုပ်နိုင်ရေးအတွက် စုစုပေါင်းငွေကျပ် ၂၆၆,၄၀၀,၀၀ဝိ/- (ကျပ်နှစ်ထောင် ခြောက်ရာ ခြောက်ဆယ့် လေးသိန်းတိတိ) ကို ရခိုင်ပြည်နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့ထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter