ရခိုင်ပြည်နယ်အတွင်း COVID - 19 လုပ်ငန်းစဉ်များတွင် ပါဝင်ကြသည့် ဒေသခံစေတနာ့ ဝန်ထမ်းများအတွက် စေတနာ့ဝန်ထမ်း (ဆင့်ပွား) သင်တန်း (Online Training) ပို့ချ

နေပြည်တော်၊ ၁.၉.၂၀၂၀
    အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၏ အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်အတွင်း COVID – 19 လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ကြသည့် ဒေသခံစေတနာ့ဝန်ထမ်းများအတွက် စေတနာ့ဝန်ထမ်း (ဆင့်ပွား) သင်တန်း (Online Training) သင်ကြားခြင်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းတို့ပူးပေါင်း၍ ယနေ့ဆောင်ရွက်ခဲ့ကြပါသည်။
    အဆိုပါ သင်တန်းကို စေတနာ့ဝန်ထမ်းသင်တန်းလက်စွဲစာအုပ်ပါ လမ်းညွှန်ချက်များအတိုင်း ဆွေးနွေးသင်ကြားခြင်းဖြစ်ပြီး စစ်တွေမြို့က ဒေသခံစေတနာ့ဝန်ထမ်း (၁၃) ဦးတက်ရောက်ခဲ့ကြ ပါသည်။
မွန်းလွဲပိုင်းတွင် အမျိုးသားအဆင့်‌စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ဆင့်ပွားသင်တန်းတက်ရောက်နေကြသူများ၊ ရခိုင်ပြည်နယ်၏ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ရန်ကုန်မြို့မှ သွားရောက် ကူညီပေးကြသည့် စေတနာ့ဝန်ထမ်း (၂၅) ဦးတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် တွေ့ဆုံ၍ စေတနာ့ဝန်ထမ်းများ၏ အကြံပြုချက်များ၊ လိုအပ်ချက်များကို  ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက COVID – 19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အတွက် Quarantine လုပ်ငန်းစဉ်သည် အရေးကြီးကြောင်း၊ Quarantine လုပ်ငန်းစဉ်အတွက် စေတနာ့ဝန်ထမ်းများ၏ အင်အားသည် အရေးကြီးပါကြောင်း၊  စေတနာ့ဝန်ထမ်းများအနေဖြင့် Quarantine ဝင်ရသူများနှင့် ပြောဆိုဆက်သွယ်ဆောင်ရွက်ရာတွင် သဘာထားကွဲလွဲမှုများ ကြုံတွေ့ နိုင်ပါကြောင်း၊ မိမိတို့ဆောင်ရွက်သည့်လုပ်ငန်း၏ ရည်ရွယ်ချက်ကို မထိခိုက်စေရန် မှန်ကန် ထိရောက်သော ပြောဆိုဆက်သွယ်ဆောင်ရွက်မှုများဖြစ်စေရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် စေတနာ့ဝန်ထမ်းလက်စွဲစာအုပ်တွင်  ပြောဆိုဆက်သွယ်မှုဆိုင်ရာ ကျွမ်းကျင်မှုကဏ္ဍကို ထည့်သွင်း ပေးထားပါကြောင်း၊ ယနေ့ခေတ်လူငယ်များသည် စိတ်ဓါတ်အခြေခံကောင်းများရှိခြင်းကြောင့် သင်ယူလေ့လာမှုတွင် တတ်မြောက်ရန်လွယ်ကူကြပါကြောင်း၊ COVID – 19 လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသူများအနေဖြင့် မိမိကိုယ်တိုင် ရောဂါပိုး မကူးစက်ရန် အထူးသတိထား ကာကွယ်ကြ ရန် အရေးကြီးပါကြောင်း၊ အခက်အခဲများကြားမှ  ရခိုင်ပြည်နယ်အတွင်း ပါဝင်ပူးပေါင်းကူညီ ဆောင်ရွက်ကြသည့်အတွက် ကျေးဇူးတင် ဝမ်းမြောက်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများ၏ အကြံဉာဏ်များကို အလေးထားပါကြောင်း၊ စည်းလုံးညီညွတ်စွာပူးပေါင်း ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ လိုအပ်ချက်များနှင့် အခက်အခဲများကို ဝိုင်းဝန်း၍ ဆက်လက်ပူးပေါင်းဆောင်ရွက် ကြရန်လိုအပ်ပါကြောင်း၊ ယနေ့ စေတနာ့ဝန်ထမ်း (ဆင့်ပွား)သင်တန်း (Online Training) သင်ကြားခြင်းကို ပါဝင်တက်ရောက်ကြသည့် ဒေသခံများ၊ အင်အားဖြည့် ပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများနှင့် online ဖြင့် အချိန်ပေးဆွေးနွေး သင်ကြားပေးသည့် သင်တန်း ဆရာ/ ဆရာမများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
    ထိုနောက် ဒုတိယဝန်ကြီးဦးစိုးအောင်က CERP Plan အရ ရခိုင်ပြည်နယ်အတွင်း ထောက်ပံ့ ပေးမှုများနှင့် ဝန်ကြီးဌာနက တိုက်ပွဲရှောင်များအတွက် စားနပ်ရိက္ခာပုံမှန်ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
    ဆက်လက်၍ စေတနာ့ဝန်ထမ်းများက လိုအပ်ချက်များနှင့် အကြံပြုချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ဖြည့်ဆည်းပေးနိုင်သည့်ကိစ္စများကို အမြန်ဆုံးဆောင်ရွက်ပေးမည်ဖြစ်ပြီး သီးခြားလိုအပ်ချက်များ၊ အခက်အခဲများကို သက်ဆိုင်ရာဌာနများနှင့် အကောင်းဆုံး ဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဆက်လက်၍ စေတနာ့ဝန်ထမ်း များက ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် အစိုးရက ပံ့ပိုးကူညီမှုများနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် ထောက်ပံ့မှုများ၊ COVID – 19 ကပ်ရောဂါဆိုင်ရာ ပညာပေးမှုအစီအစဉ်များတွင် ပူးပေါင်းဆောင်ရွက်လိုသည့် အချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် စေတနာ့ဝန်ထမ်း (ဆင့်ပွား) သင်တန်း (Online Training) သင်ကြားခြင်းကို  ဆက်လက် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter