ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ လုပ်ငန်းစီမံချက် အတည်ပြုရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး

နေပြည်တော်၊ ၂၇.၈.၂၀၂၀
    ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီ၏ လုပ်ငန်းစီမံချက် အတည်ပြုရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက် ခဲ့ပါသည်။
    အစည်းအဝေးတွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက ယနေ့ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်(မူကြမ်း)ကို အတည်ပြုရေးနိုင်ရေးနှင့် ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးကြရန်ဖြစ်ကြောင်း၊ ပူးတွဲကြေညာချက် (Joint communique) နှင့် ပတ်သက်ပြီး ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ အထူး ကိုယ်စားလှယ်တို့ လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ပူးတွဲကြေညာချက်ပါ အကြောင်းအရာများအရ လုပ်ငန်းစီမံချက်ရေးဆွဲရန်နှင့် လုပ်ငန်းစီမံချက်ပါအချက်များကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် အမျိုးသားအဆင့်ကော်မတီ၏ အစည်းအဝေးများကို (၆) ကြိမ်အထိ ကျင်းပခဲ့ကြပါကြောင်း၊ ထို့အပြင် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ကြပါကြောင်း၊ လုပ်ငန်းစီမံချက် အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်းအမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်၏ အကြံပြုချက်များ ပေးပို့လာမှုကို ကော်မတီဝင်များနှင့် ညှိနှိုင်းပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါလုပ်ငန်းစီမံချက် (မူကြမ်း) အပေါ် မူအရဆုံးဖြတ်ရန် လိုအပ် သော အချက်များကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြပြီး အတည်ပြုဆုံးဖြတ်ချက်ရယူခဲ့ပါကြောင်း၊ စီမံချက်သည် အမျိုးသမီးကိုသာ ဦးတည်ခြင်းမဟုတ်ဘဲ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုအားလုံး ကိုဆောင်ရွက်နိုင်ရန်အတွက် ကော်မတီ၏ အမည်ကို ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဟု နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာဖြင့် အမည်ပြောင်းလဲခဲ့ပါကြောင်း၊ အလားတူ လုပ်ငန်းကော်မတီကိုလည်း ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအဖြစ် အမည်ပြောင်းလဲနိုင်ခဲ့ကြောင်း၊ ဤလုပ်ငန်းစီမံချက်သည် မိမိတို့ အစိုးရဌာနများသာမက ကုလသမဂ္ဂအဖွဲ့အစည်းများအတွက်ပါ အရေးပါသည့် စီမံချက်တစ်ခု ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာအစိုးရဌာနများ၊ အဖွဲ့အစည်းများအနေဖြင့် အတည်ပြုပြီးပါက လုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းစီမံချက်အရ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ကို သက်ဆိုင်ရာကော်မတီဝင် အသီးသီးက ဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ်က ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းစီမံချက်(မူကြမ်း)အပေါ် နိုင်ငံတော်သမ္မတရုံးက မူအရဆုံးဖြတ်ထားသည့် အချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသော အမျိုးသားအဆင့်ကော်မတီဝင်များက လုပ်ငန်းစီမံချက် (မူကြမ်း) ကို အတည်ပြုခြင်း မဆောင်ရွက်မီထပ်မံ၍ ဖြည့်စွက်လိုသည့်အချက်များ၊ စကားရပ်အသုံး အနှုန်းများ၊ ပြင်ဆင်လိုသည့်အချက်များ၊ ပယ်ဖျက်လိုသည့်အချက်များကို အသေးစိတ် ညှိနှိုင်း ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြပါသည်။
ယင်းနောက် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက စီမံချက်(မူကြမ်း)ကို ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ကြရာတွင် အနှစ်သာရအားဖြင့်သော်လည်းကောင်း၊ မူအရသော်လည်းကောင်း ပြောင်းလဲမှု မရှိသောကြောင့် စီမံချက်ကို အတည်ပြုပါကြောင်းနှင့် နိုင်ငံတော်သမ္မတရုံးသို့ ဆက်လက်၍ တင်ပြအတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း နိဂုံးချုပ်စကားပြောကြားခဲ့ပါသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ စစ်ရေးချုပ်ရုံး၊ စစ်ဥပဒေချုပ်ရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနများ၏ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်  ကော်မတီဝင် အဆင့်မြင့်အရာရှိကြီးများ၊ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter