COVID-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ကချင်ပြည်နယ်နှင့် ကယားပြည်နယ် အတွင်းရှိ ဂေဟာ/ရိပ်သာများသို့ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို Online အခမ်းအနားဖြင့် ကျင်းပ

စက်တင်ဘာ ၈ ၊နေပြည်တော်
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် COVID-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ကချင်ပြည်နယ်နှင့် ကယား ပြည်နယ်အတွင်းရှိ ဂေဟာ/ရိပ်သာများသို့ ထောက်ပံ့ငွေများပေးအပ်ခြင်းကို Online အခမ်းအနားဖြင့် ကျင်းပရာတွင် တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။
    ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများသို့ နှစ်စဉ်ထောက်ပံ့ကြေးများ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ယခုအခါတွင်လည်း COVID-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ဂေဟာ/ ရိပ်သာများသို့ ငွေကြေးတစ်ကြိမ် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနသည်  စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကို ရပ်ရွာအတွင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ အမျိုးသမီးဂေဟာများ၊ မသန်စွမ်းဂေဟာများ၊ ဘိုးဘွားရိပ်သာ များ စသည်ဖြင့် မိမိတို့၏ စေတနာ၊ သဒ္ဒါတရား ထက်သန်စွာဖြင့် ကိုယ့်အားကိုယ်ကိုး ဖွဲ့စည်း တည်ထောင်မှုကို နိုင်ငံတော်မှ အသိအမှတ်ပြုသည့်အနေဖြင့် ထောက်ပံ့ပေးခြင်း ဖြစ်ပါကြောင်း၊ ထို့အပြင် ဦးစီးဌာနအနေဖြင့် နည်းပညာပိုင်းဆိုင်ရာကူညီပေးခြင်းများပါ ဆောင်ရွက်ပေးနေပါ ကြောင်း ပြောကြားပါသည်။
     ဆက်လက်ပြီး ဒုတိယဝန်ကြီးက ပရဟိတဂေဟာများ တည်ထောင်ခွင့်ပြုမိန့်ကိစ္စများ ဆောင်ရွက်နေသည့်အခြေအနေများ ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် လူမှုဝန်ထမ်းရုံးများမှလည်း ပရဟိတဂေဟာများ တည်ထောင်ခွင့်ပြုမိန့်လျှောက်ထား တင်ပြနိုင်ရေး အတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ COVID-19 ကာလ စီးပွားရေး ကုစားမှုအစီအစဉ်(CERP)အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်အရ ထိခိုက်လွယ်အုပ်စုများဖြစ်သော ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ထောက်ပံ့ရန်လိုအပ်သော အမျိုးသမီး ဦးဆောင်သော အိမ်ထောင်စုများ၊ မသန်စွမ်းသူများ၊ သက်ကြီးဘိုးဘွားများ၊တိုက်ပွဲရှောင်မိသားစုများအား ထောက်ပံ့ ပေးသည့် အစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ COVID-19 ကာလတွင် ဂေဟာ/ရိပ်သာများအနေဖြင့်လည်း အခက်အခဲများကြုံတွေ့လာရနိုင်သော အခြေအနေရှိသည့် အတွက် အထောက်အကူဖြစ်စေရန် ဂေဟာ/ရိပ်သာများတွင် စောင့်ရှောက်ထားသူများအား စားစရိတ် ထောက်ပံ့ပေးသည့်အနေဖြင့် ငွေကြေးတစ်ကြိမ် ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်၏အကန့်အသတ်ရှိသည့် ဘဏ္ဍာငွေများကို လိုအပ်မှုအခြေအနေပေါ်မူတည်၍ ထောက်ပံ့ ပေးရာတွင် ထောက်ပံ့မှုများကိုအလေအလွင့်မဖြစ်စေပဲ အကျိုးခံစားခွင့်ရှိသူများအားလုံး အပြည့်အဝခံစားရရှိအောင် ကူညီဆောင်ရွက်ကြစေလိုကြောင်း၊ ယခုကဲ့သို့ COVID-19 ကပ်ရောဂါကာလမှာ ကမ္ဘာ့နိုင်ငံအားလုံးမှာလည်း ကာကွယ်မှုကိုအလေးထားပြီး ဗိုင်းရပ်စ်ပိုးကို ဟန့်တားထိန်းချုပ်နိုင်ရန် အထူးကြိုးပမ်းနေကြရသည့်အားလျော်စွာ မြန်မာနိုင်ငံအနေဖြင့်လည်း ရောဂါကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် သတိကြီးကြီးထားကာ ကိုင်တွယ်ဖြေရှင်းနေပါကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ကလည်း အသိပညာပေးမှုများ ဆောင်ရွက်နေသောကြောင့် ဂေဟာ/ရိပ်သာများမှ တာဝန်ရှိသူများ အနေဖြင့်လည်း အလှူရှင်များနှင့်ပူးပေါင်း၍ COVID-19 ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက လမ်းညွှန်ပန်ကြားချက်များကို တိတိကျကျလိုက်နာ၍ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပါသည်။
    ထို့နောက် ကချင်ပြည်နယ်နှင့်ကယားပြည်နယ်ဦးစီးမှူးများက ဂေဟာ/ရိပ်သာများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ကချင်ပြည်နယ်မှ ခရစ်ယာန်မျက်မမြင်ကျောင်း၊ ကျောင်းအုပ်ကြီး ဦးလမုန်ဂန်ဖန်နှင့် ကယားပြည်နယ်မှ ပြည်နယ်ဘိုးဘွားရိပ်သာဂေဟာမှူး ဦးမြင့်သူတို့က ဂေဟာရိပ်သာများကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် မိမိတို့ ဂေဟာ/ ရိပ်သာများသည် နိုင်ငံတော်၏ အထောက်အပံ့နှင့် စေတနာရှင်များ၏ လှူဒါန်းမှု ပေါ်မူတည်၍ အားကိုးရပ်တည်နေရသဖြင့် ယခုကဲ့သို့ COVID-19 ကာလတွင် အလှူရှင်များ နည်းပါးသွားသဖြင့် ကြိုးစားရုန်းကန်နေကြရပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ဘက်စုံထောင့်စုံမှ ထောက်ပံ့မှုများ ပေးနေသည်ကို သိရသဖြင့် ဝမ်းမြောက်ရပါကြောင်း၊ ယခုကဲ့သို့ ဂေဟာ/ရိပ်သာများ ထောက်ပံ့ ပေးသည့်အတွက် မိမိတို့အနေဖြင့် အလွန်ဝမ်းသာဂုဏ်ယူရပါကြောင်းနှင့် မိမိတို့ရှေ့ဆက်ရမည့် ခရီးအတွက်လည်း အားတက်စရာဖြစ်သောကြောင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter