မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ဆောက်လုပ်လှူဒါန်းသည့် နေပြည်တော်ကလေးပြုစုရေးဌာနအဆောက်အဦ လွှဲပြောင်းပေးအပ်

စက်တင်ဘာ ၉၊ နေပြည်တော်
မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ဆောက်လုပ်လှူဒါန်းသည့် နေပြည်တော်ကလေးပြုစုရေးဌာနအဆောက်အဦကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
အဆိုပါအစီအစဉ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ နှင့် အထောက်အကူပြု အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
အစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ပြည်သူတစ်ဦးချင်းစီ၏ အခွင့် အရေးများကို အာမခံနိုင်သော စစ်မှန်သည့်ဒီမိုကရေစီအစိုးရတစ်ရပ်ဖြစ်ပေါ်ရေး ကြိုးပမ်းလျက် ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနက ကလေးသူငယ်ဘဝမှစ၍ သက်ကြီးရွယ်အိုအထိ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းသည် ယခုအစိုးရ၏ (၅)နှစ်တာကာလအတွင်း ပြည်သူများခံစားရရှိနေသော အောင်မြင်မှုတစ်ရပ် ဖြစ်ကြောင်း၊ လူတစ်ဦးချင်းစီ၏ အခွင့်အရေးများကို ဖေါ်ဆောင်ရာတွင် အဓိကကျသောအခန်းကဏ္ဍ အနေဖြင့် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုနိုင်ပါကြောင်း၊ ကလေးသူငယ်များတွင် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အစောင့်အရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ခွင့်ဟူ၍ အခွင့်အရေး(၄) မျိုးရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်ခွင့်နှင့် အစောင့်အရှောက်ခံပိုင်ခွင့်များကို အာမခံနိုင်သော မူဝါဒအသစ်များ၊ ဥပဒေ အသစ်များ ချမှတ်ထားပြီး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရပ်ဘက်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် ဌာနအခြေပြုအနေဖြင့် ကလေးပြုစုရေးဌာနများ၊ သင်တန်းကျောင်းများဖွင့်လှစ်၍လည်းကောင်း၊ ရပ်ရွာအခြေပြုအနေဖြင့် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းများကိုဆောင်ရွက်ခြင်းနှင့် စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများမှ တည်ထောင်ဖွင့်လှစ်ထားသော ပရဟိတဂေဟာများအား ငွေကြေးနှင့် နည်းပညာအကူအညီများထောက်ပံ့ခြင်း၊ အနိမ့်ဆုံးရှိရမည့် စံသတ်မှတ်ချက်များကို ချမှတ်ပေးခြင်း များကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားအတွက် မိသားစုစောင့်ရှောက်မှုနှင့် ရပ်ရွာအတွင်းစောင့်ရှောက်မှုတို့သည် အသင့်တော်ဆုံးဖြစ်သော်လည်း ယခုအခါ၌ မြန်မာနိုင်ငံတွင်ကာကွယ်စောင့်ရှောက်ရန်လိုအပ်နေသည့် ကလေးအရေအတွက်များ မြင့်တက်လျက်ရှိကြောင်း၊ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော မွေးစမှအသက် (၁၀)နှစ်အရွယ် အထိ ကလေးငယ်များကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ကလေးပြုစုရေးဌာန(၇)ခုကိုဖွင့်လှစ်၍ လက်ခံစောင့်ရှောက်ပေးလျက်ရှိကြောင်း၊ သို့သော်လည်း စောင့်ရှောက်ခံပိုင်ခွင့်ရှိသည့် ကလေးအရေအတွက်နှင့် မျှတသောဌာနအရေအတွက် မရှိသေး ကြောင်း၊ ယခုအစိုးရလက်ထက်တွင် အမျိုးသမီးများရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအဖြစ် အစိုးရယန္တရားတစ်ရပ်အဖြစ် ဖွဲ့စည်းနိုင်ခဲ့ပြီး ဌာနဆိုင်ရာများ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နေပြည်တော်ကလေးပြုစုရေးဌာနကိုဆောက်လုပ်၍ ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သော မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းသည်လည်း အစိုးရနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ဤအဖွဲ့ သည် တစ်ကိုယ်ရည်မိခင်များ၊ စွန့်ပစ်ခံရသည့်ကလေးငယ်များ လျော့နည်းရေးနှင့်ကာကွယ်ခြင်း၊ စောင့်ရှောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊  ယခုနေပြည်တော်တွင် အဆင့်မြင့်ကလေးပြုစုရေးဌာန အဆောက်အဦတစ်ခု တည်ဆောက်နိုင်ခဲ့ပြီး ဝန်ကြီးဌာနသို့ ယနေ့ လွှဲပြောင်းပေးအပ်ခြင်းသည် အစိုးရကဆောင်ရွက်နေသော အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး၊ ကလေးသူငယ်များပြုစုပျိုးထောင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များနှင့် ကိုက်ညီသဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
 ဆက်လက်၍ မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့် ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်းက မိမိတို့အသင်းကြီးမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ကလေးသူငယ်များအား စနစ်တကျပြုစုစောင့်ရှောက် နိုင်ရေးအတွက် လိုအပ်နေသည့် အဆောက်အဦကို လှူဒါန်းခွင့်ရခဲ့သည့်အတွက် အထူးဝမ်းမြောက်မိ ပါကြောင်း၊  တစ်နည်းအားဖြင့် အသင်း၏ရည်ရွယ်ချက်ဖြစ်သည့် ရင်ခွင်မဲ့ကလေးငယ်များကို ကာကွယ်စောင့်ရှောက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့်အတွက် ဝမ်းသာရပါ ကြောင်း၊ ယခုလို အဆောက်အဦဖြစ်မြောက်အောင် ပံ့ပိုးလှူဒါန်းပေးခဲ့သည့် အလှူရှင်များ၊ လုပ်အားနှင့် ပါဝင်ပေးခဲ့သည့် အသင်းကြီး၏  အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် အထောက်အကူပြု အဖွဲ့ဝင်များ၊ စေတနာရှေ့ထားပြီး ကူညီပေးသည့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊  အဆောက်အဦ ဆောက်လုပ်ရေး ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် တကွ အားလုံးကို ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌက နေပြည်တော် ကလေးပြုစုရေးဌာနနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ရာ ဒုတိယဝန်ကြီးဦးစိုးအောင်ကလက်ခံရယူခဲ့ကြောင်းသတင်းရရှိပါသည်။

FacebookTwitter