COVID-19 စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ တိုင်းဒေသကြီး/ပြည်နယ်(၉)ခုရှိ မသန်စွမ်းသူများနှင့် ဂေဟာ/ရိပ်သာများသို့ ထောက်ပံ့ငွေများ ပေးအပ်

 နေပြည်တော်၊ ၁၁.၉.၂၀၂၀
    COVID-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ တိုင်းဒေသကြီး/ ပြည်နယ်(၉)ခုရှိ မသန်စွမ်းသူများနှင့် ဂေဟာ/ရိပ်သာများသို့  ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ Online စနစ်ဖြင့်ကျင်းပရာ  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။
    ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ COVID-19 ကာလအတွင်း မသန်စွမ်းသူများအပါအဝင် ပရဟိတဂေဟာ/ရိပ်သာများတွင် လက်ခံ စောင့်ရှောက်ထားသူများ၏ အာဟာရပြည့်ဝစေရန်အတွက် စားနပ်ရိက္ခာထောက်ပံ့ကြေးအဖြစ် မသန်စွမ်းသူတစ်ဦးလျှင် ငွေကျပ် (၃၀၀၀ဝ) နှုန်းဖြင့်လည်းကောင်း၊ ဂေဟာ/ရိပ်သာများတွင်  လူဦးရေအလိုက် တစ်ရက်လျှင် ငွေကျပ် (၅၀၀) နှုန်းဖြင့် တစ်လစာအတွက် ငွေကြေးတစ်ကြိမ် ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ (CERP)အစီအစဉ်အရ မသန်စွမ်းသူများအတွက် ထောက်ပံ့ရန် ကျန်ရှိသော စစ်ကိုင်းတိုင်းဒေသကြီးမှ မသန်စွမ်းသူ(၁၉,၈၇၅)ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ  မသန်စွမ်းသူ (၂,၉၈၆) ဦး၊ မန္တလေးတိုင်းဒေသကြီးမှ မသန်စွမ်းသူ (၂၅,၇၃၀)ဦး၊ မွန်ပြည်နယ် မသန်စွမ်းသူ (၁၁,၇၃၈)ဦး၊ စုစုပေါင်း မသန်စွမ်းသူ(၆၀,၃၂၉)ဦးအတွက် ငွေကျပ်သန်းပေါင်း (၁၈၀၉.၈၇၀)သန်း ကိုထောက်ပံ့ပေး သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဂေဟာ/ရိပ်သာများအတွက် ထောက်ပံ့မှုအနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဂေဟာ/ရိပ်သာ(၂၀)ခု၊ မကွေးတိုင်းဒေသကြီး အတွင်းရှိ ဂေဟာ/ရိပ်သာ(၁၉)ခု၊ မန္တလေးတိုင်းဒေသကြီးရှိ ဂေဟာ/ရိပ်သာ(၃၀)ခု၊ မွန်ပြည်နယ် အတွင်းရှိ ဂေဟာ/ရိပ်သာ(၈)ခု၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဂေဟာ/ရိပ်သာပေါင်း(၇၃)ခု၊ ရှမ်းပြည်နယ်အတွင်းရှိ ဂေဟာ/ရိပ်သာ(၄၆)ခု၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဂေဟာ/ ရိပ်သာ (၃၂)ခု၊ စုစုပေါင်းဂေဟာ/ ရိပ်သာ(၂၂၈)ခုအတွက် ငွေကျပ်သန်းပေါင်း (၂၇၀.၈၄၀)သန်းကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့(CERP)အစီအစဉ်အရ ထောက်ပံ့ပေးရာတွင် မသန်စွမ်းသူများ၊ ဂေဟာ/ရိပ်သာများသာမက တစ်နိုင်ငံလုံးရှိ အသက်(၈၀) နှင့် (၈၅)နှစ်ကြား အဘိုး/အဘွားများအားလည်း တစ်ဦးလျှင် ငွေကျပ်(၃၀,၀၀၀)နှုန်းဖြင့် ငွေကြေး တစ်ကြိမ်ထောက်ပံ့မှုကိုလည်းကောင်း၊ MCCT အစီအစဉ်တွင် မပါဝင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်(၉)ခုရှိ ကိုယ်ဝန်ဆောင်မိခင်များအား ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် ငွေကြေးတစ်ကြိမ် ထောက်ပံ့သည့် ငွေဗိုက်(Online Application) အစီအစဉ်ကိုလည်းကောင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်(ပလက်ဝဒေသ)များရှိ IDP Camp များနှင့် တိုက်ပွဲရှောင်မိသားစုများအား ထောက်ပံ့ခြင်းအစီအစဉ်များကိုလည်းကောင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်မှ COVID-19 ကူးစက်ရောဂါကာလအတွင်း လူမှု ကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်အရ လိုအပ်မှုအခြေအနေပေါ်မူတည်၍ ယခုကဲ့သို့ ထောက်ပံ့ပေးရခြင်း ဖြစ်သောကြောင့် အနီးကပ်ကြီးကြပ် တာဝန်ယူဆောင်ရွက်ကြရသော တာဝန်ရှိ သူများအနေဖြင့် နိုင်ငံတော်၏ထောက်ပံ့ငွေခံစားခွင့်ရှိသူများထံသို့ စနစ်တကျ အကျိုးခံစားခွင့် ရရှိအောင် စေတနာ၊ မေတ္တာဖြင့် ပိုမိုအားစိုက်ဆောင်ရွက်ကြစေလိုပါကြောင်း၊ နိုင်ငံတော်အစိုးရမှ ယခုကဲ့သို့ ထောက်ပံ့ပေးခြင်းသည်  နိုင်ငံအတွင်း ငွေကြေးစီးဆင်းမှုများကို ပုံမှန်လည်ပတ်နိုင်စေရန် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးဆောင်ရွက်ပေးခြင်းပဲ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏စေတနာကို နားလည်သောအားဖြင့် တာဝန်ယူဆောင်ရွက်ရသော နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း တစ်ဦးချင်း စီက တာဝန်သိမှုဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်ထောင်စုရှိ အစိုးရဌာနများသို့ ဆက်လက်သတင်းပေးပို့၍ ပူးပေါင်းဆောင်ရွက်ခြင်းသည်ပင် အကောင်းမွန်ဆုံး တာဝန်ထမ်းဆောင်ပေးခြင်းပင်ြ ဖစ်ပါကြောင်းနှင့် အစိုးရနှင့်ပြည်သူလူထု ပူးပေါင်း၍ COVID-19 ကပ်ရောဂါကို အောင်မြင်စွာကျော်လွှားနိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သပါကြောင်း ပြောကြား ခဲ့ပါသည်။
    ဆက်လက်၍ မသန်စွမ်းသူများနှင့် ဂေဟာ/ရိပ်သာများသို့ ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် လက်ခံရယူခြင်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များမှ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးများ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များနှင့် ဂေဟာ/ရိပ်သာတာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြပြီး နိုင်ငံတစ်ဝန်းရှိ မသန်စွမ်းသူများအားလုံးကိုယ်စား မန္တလေးတိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဦးစိုင်းအောင်ထက်နှင့် ဂေဟာ/ရိပ်သာများကိုယ်စား မွန်ပြည်နယ်၊ တောင်ဝိုင်းဘိုးဘွားရိပ်သာကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးစိုးသွင်တို့က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြပါသည်။    
(၁၀-၉-၂၀၂၀)ရက်နေ့(ယမန်နေ့)ကလည်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဂေဟာ/ရိပ်သာ (၂၁)ခုအတွက် ထောက်ပံ့ငွေကျပ် (၁၇.၅၀၅) သန်းကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ဂေဟာ/ရိပ်သာ(၁၂)ခုအတွက် ထောက်ပံ့ငွေကျပ် (၁၇.၂၅၀) သန်းကိုလည်းကောင်း ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter