အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကျင်းပ

       အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်း အမှတ် အခမ်းအနားကို  မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီက ကြီးမှူး၍ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ လူကိုယ်တိုင်တက်ရောက်ခြင်းဖြင့်လည်းကောင်း၊ online ကတစ်ဆင့်တက် ရောက်ခြင်းဖြင့်လည်းကောင်း ပုံစံ (၂) မျိုးပေါင်းစပ်ကျင်းပခဲ့ပါသည်။
    အခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဝင်များ၊ နေပြည်တော် အမျိုးသမီး ကော်မတီနှင့် တိုင်းဒေသကြီး/ ပြည်နယ်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အစိုးရဌာနအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
     အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမျိုးသမီး များအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားဆောင်ရွက်မှုများကို မြန်မာနိုင်ငံ အနေနှင့်  ၂၀၁၈ ခုနှစ်က၍ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့လူဦးရေ ၅၄.၉ သန်း ခန့်မှာ အမျိုးသမီးပါဝင်မှုက ၅၂ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊  နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ဦးတည်ချက်များ အကောင်အထည်ဖော်ရေး၊ နိုင်ငံတစ်ဝှမ်းလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုး တက်ရေး၊ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး စသည့်လုပ်ငန်းရပ်များ အပြည့်အဝအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်မှုသည် အလွန်အရေးကြီးပါ ကြောင်း၊  နိုင်ငံတော်အနေနှင့် အမျိုးသမီးများကို စွမ်းဆောင်ရည်မြှင့်တင်ပေးပြီး ပါဝင်နိုင်ဖို့ အခွင့်အလမ်းများကို တန်းတူညီမျှ ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ ထက်ဝက်ကျော် မကသော အမျိုးသမီးထုကြီး၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း၊ အမျိုးသမီးများ အပေါ် အကြမ်းဖက်ခြင်းက ကာကွယ်ပေးခြင်းများသည် နိုင်ငံသားများအားလုံးရဲ့ ဖွံ့ဖြိုးခြင်း ဖြစ်သလို၊ နိုင်ငံသားများအားလုံးကို ကာကွယ်ပေးရာရောက်ပါကြောင်း၊ 
    မြန်မာနိုင်ငံအနေနှင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (Convention on the Elimination of All forms of Discrimination Against Women-CEDAW) အဖွဲ့ဝင်နိုင်ငံဖြစ်သလို အာဆီယံအမျိုးသမီးကော်မတီ (ASEAN Committee on Women-ACW) နဲ့ အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ် စောင့်ရှောက်ရေး ကော်မရှင် (ASEAN Commission on the Prevention and Protection of the Rights of Women and Children–ACWC) အဖွဲ့ဝင် နိုင်ငံလည်းဖြစ်ပါကြောင်း၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုသည် လူ့အခွင့်အရေး ချိုးဖောက်မှု တစ်ခုဖြစ်ပြီး အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအတွက် ၎င်းတို့၏ အခွင့်အရေးများ ရရှိခံစားနိုင်မှုအပေါ်ထိခိုက်မှု ဖြစ်နိုင်ပါကြောင်း၊
    မိမိတို့ ဝန်ကြီးဌာနအနေနှင့်  အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းဆိုင်ရာ ကိစ္စရပ် များကို ကြိုတင်ကာကွယ်ခြင်း၊ တားဆီးခြင်း၊ တုံ့ပြန်မှုပေးခြင်းတို့ကို သက်ဆိုင်ရာအစိုးရဌာန/ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကြုံတွေ့ရပါက ဥပဒေဖြင့် အကာအကွယ်ရယူရန် တရားရေးဆိုင်ရာ ဝန်ဆောင်မှု၊ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှု၊ လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာဝန်ဆောင်မှုများဟာ အကြမ်းဖက်ခံရသူများအတွက် မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုများဖြစ်ပါကြောင်း၊  ဒါကြောင့် မိမိတို့ဝန်ကြီးဌာနသည် အကြမ်းဖက်မှုများကို   သတင်းပို့ တိုင်ကြားနိုင်ရေးအတွက် (၂၄) နာရီ Help Line ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ်က စတင်ထူထောင်ထားရှိခြင်း၊  အကြမ်းဖက်ခံရသူများကို တရားရင်ဆိုင်ခရီးစရိတ်နှင့် အသက်မွေးဝမ်းကျောင်းစရိတ် ထောက်ပံ့ပေးခြင်း၊ လုံခြုံရေးအတွက် နားခိုရာနေရာများ စီစဉ်ပေးခြင်း၊  အခြားသောဝန်ဆောင်မှုများရရှိနိုင်ရေး ညွှန်းပို့ချိတ်ဆက် ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများ ယာယီလုံခြုံရေးလိုအပ်ပါက ယာယီလက်ခံစောင့်ရှောက်ပေးနိုင်ရေးအတွက် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လားရှိုး၊ လွိုင်ကော်နှင့် မုံရွာမြို့စတဲ့ နေရာ(၆)ခုမှာ One Stop Women Support Center-OSWSC) များဖွင့်လှစ်ထားရှိပြီး ဝန်ဆောင်မှုများပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အားလုံးမှာ OSWCS များတည်ထောင်ရေးကိုလည်း စီမံချက်များရေးဆွဲထားရှိပါကြောင်း၊ ဒါ့အပြင် OSWSC စင်တာများမှာပေးနေသည့် ဝန်ဆောင်မှုများစနစ်ကျပြီး ပိုမိုတိုးတက် ကောင်းမွန်စေသည့် ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်ပေါ်စေရေး နှင့်အခြား INGO, NGO, CSO များ မှလည်း လေ့လာအသုံးပြုနိုင်ရေးအတွက် OSWSC စင်တာလုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ Guideline ရေးဆွဲလျက်ရှိပါကြောင်း၊ အကြမ်းဖက်ခံရသူများသို့ ဝန်ဆောင်မှုများပေးရာမှာ မိမိတို့ ဝန်ကြီးဌာနသည် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ကို အသုံးပြုပြီး ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း။
    ယခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု ဆောင်ပုဒ်ဖြစ်သည် “Orange the world: End violence against women now!” “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ဖို့၊ ယခုပင်ဆောင်ရွက်စို့” ဆိုတာနဲ့အညီ အမျိုး သမီးများ၏ နေ့စဉ်ဘဝမှာ ထိပါးနှောင့်ယှက်ခံရမှု၊ အကြမ်းဖက်မှုများကြုံတွေ့နေရမှု အပေါ် ကျူးလွန်ခံရသူကို မိဘဆွေမျိုး၊ အိမ်နီးချင်း၊ ပတ်ဝန်းကျင်တို့မှ အပြစ်တင်ရှုံချခြင်း၊  ပစ်ပယ်ခြင်း မပြုဘဲ ကာကွယ်ဖေးမပေးခြင်း၊ စာနာနားလည်ပေးခြင်း၊ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတိုင်း အတွက် လိုအပ်သည့် လူမှုရေးအထောက်အပံ့ ကောင်းများကို လွယ်လင့်တကူ ရရှိစေရန် ပံ့ပိုး ပေးခြင်း၊ အိမ်တွင်းအကြမ်းဖက်မှုများ ဖြစ်ပေါ်လာပါက ရပ်တည်ကူညီပေးမယ့် မိသားစု၊ အိမ်နီးချင်း အသိုင်းအဝိုင်းတစ်ခု ရှိနေပေးခြင်း၊ အကြမ်းဖက်မှုကျူးလွန်သူတိုင်းကို ပြစ်မှုနှင့် လျော်ညီထိုက်တန်သည့် ပြစ်ဒဏ်ပေးနိုင်ပြီး ထိရောက်သော ဥပဒေဖြင့် အကာအကွယ် ပေးခြင်း စသည့်  အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ လျော့နည်းပပျောက်ရေး လုပ်ငန်းစဉ် များကို  ဆောင်ရွက်ပေးရမှာ ဖြစ်ပါကြောင်း၊ အမျိုးသမီးများရဲ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရမှုများမှ ကာကွယ်စောင့်‌ရှောက်ရေးအတွက် သက်ဆိုင်သည့် လုပ်ငန်းအစီအစဉ် များ၊ မူဝါများ၊ စီမံကိန်းများ၊ စီမံချက်များ၊ လမ်းညွှန်ချက်များကို ချမှတ်ဖော်ဆောင်သည့် နေရာတွင် နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူများကပါ  ဝိုင်းဝန်းပူးပေါင်း ပြီးဆောင်ရွက် နေသည့် လုပ်ငန်းများကို အခုထက် ပိုမိုအရှိန်အဟုန်မြှင့်ဆောင်ရွက်ဖို့၊ ဆောင်ရွက်ဖို့ ကျန်နေ သေးတာတွေကိုလဲ ယခုပင် စတင်ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းပြောကြားခဲ့ပါသည်။
    ထို့နောက် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု အသိပညာပေးဆိုင်ရာ Video Clip ပြသခြင်း၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ အကြိုလှုပ်ရှားမှု အလွတ်တန်းဆောင်းပါးပြိုင်ပွဲ ပထမဆုရရှိသူ ဦးသန်းထွဋ်ဝင်း နှင့် ဉာဏ်စမ်းပဟေဠိဖြေဆိုပွဲမှ ဆုရရှိသူ ဦးဇော်ဟိန်းအောင် တို့အား ပြည်ထောင်စုဝန်ကြီးက လည်းကောင်း၊ ဉာဏ်စမ်းပဟေဠိ ဖြေဆိုပွဲမှ ဆုရရှိသူ ဒေါ်မေဦးဟန်အား ဒုတိယဝန်ကြီးက လည်းကောင်း၊  ဒေါ်စုစုမော် အား နေပြည်တော်၊ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ကလည်းကောင်း အသီးသီးဆုချီးမြှင့်ခဲ့ပြီး၊ ကျန်ဆု ရရှိသူများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များတွင်ကျင်းပမည့်  အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား အသီးသီးတွင် ဆုများချီးမြှင့်ပေးသွားမည် ဖြစ်ပါသည်။ ယင်းနောက် တက်ရောက်လာသူများ မှ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter