(၁၇) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများဆိုင်ရာအစည်းအဝေး

     ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၆) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်း နှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများဆိုင်ရာအစည်းအဝေးအား ဒီဇင်ဘာလ(၁၅)ရက်နေ့တွင်လည်းကောင်း၊ (၁၇) ကြိမ်မြောက်အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအား ဒီဇင်ဘာလ (၁၆) ရက်နေ့တွင်လည်းကောင်း၊ (၁၆) ကြိမ်မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအဆင့်မြင့် အရာရှိကြီးများအစည်းအဝေး+(၃)နိုင်ငံများဖြစ်သည့် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၏ အစည်းအဝေးများအား ဒီဇင်ဘာလ (၁၇) ရက်နေ့တွင်လည်း ကောင်း Virtual Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံမှ လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ Focal Person ဖြစ်သူ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အစိုးရမဟုတ်သော အဖွဲ့အစည်းအနေဖြင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ ဥက္ကဌနှင့် ကိုယ်စားလှယ်(၁)ဦး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာညွှန်ကြားရေးမှူးများမှ တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးအား “Strengthening Partnerships towards the Betterment of ASEAN” ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ရာ သဘာပတိအဖြစ် ထိုင်းနိုင်ငံ လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိမှ ဆောင်ရွက်ခဲ့ပါသည်။
      အဆိုပါ အာဆီယံ လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ အာဆီယံမှမြန်မာနိုင်ငံတွင် လူမှုကာကွယ် စောင့်ရှောက်ရေးမဟာဗျူဟာ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်အဖြစ် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးငယ်များ ထောက်ပံရေးအစီအစဉ်၊ အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်အား ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)တွင် မြန်မာနိုင်ငံအနေဖြင့်  “ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ကျေးလက်ဒေသတွင် နေထိုင်သော သက်ကြီးရွယ်အိုများ၏ ဝင်ငွေရရှိမှုအပေါ် ကိုဗစ်-၁၉ရောဂါ၏အကျိုးသက်ရောက်မှုဆိုင်ရာ သုတေသန” ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အဆိုပြုထားပြီးဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် Social Work Institute ကို တည်ထောင်ဖွင့်လှစ်ရန် စီစဉ်ထားရှိပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အကြံဉာဏ်များ၊ နည်းလမ်းကောင်းများ ပံ့ပိုးပေးစေလိုပါကြောင်း ဆွေးနွေးခဲ့ပါသည်။
     အာဆီယံ လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပစဉ်ကာလအတွင်း အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု(ASEAN Outstanding Social Welfare and Development Award- AOSWADA)ကို ချီးမြှင့်ပေးရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍများမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်က ဝင်ရောက် ယှဉ်ပြိုင်ပြီး AOSWADA ဆုကို လက်ခံရရှိခဲ့ပါသည်။

FacebookTwitter