ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နည်းဥပဒေရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြား

နေပြည်တော်၊ ၁၇.၁.၂၀၂၀

          ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နည်းဥပဒေရေးဆွဲရေး ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြား ခဲ့ပါသည်။

  ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ မိမိတို့အနေဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးကို ဖော်ဆောင်ပေးနိုင်ရန် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ အစိုးရက ဆောင်ရွက်လျက်ရှိသည့်ကိစ္စများသည် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးကို ဦးတည်ပါကြောင်း၊ လက်ရှိဆောင်ရွက်မှု များသည် အနာဂါတ်နိုင်ငံတော်အတွက် အမွေကောင်းများ လက်ဆင့်ကမ်းနိုင်ဖို့ဖြစ်ပါကြောင်း၊ လက်ဆင့်ကမ်း အမွေယူကြမည့်သူများသည် ကလေးငယ် များပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အကောင်းဆုံးဖွံ့ဖြိုး တိုးတက်ရေးနှင့် အကောင်းဆုံးအကျိုးစီးပွားများကို ခံစားရရှိစေရန် ကြိုးပမ်းကြခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် လိုအပ်ချက်များပြားသည့်အတွက် အနာဂါတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ရှေ့ဆက်ဆောင်ရွက်ရာ၌ လုပ်ငန်းများ သွက်လက်မှန်ကန်ဖို့၊ ထက်ထက်မြက်မြက်ရှိဖို့နှင့် စွမ်းဆောင် ရည်မြင့်မားပြီး အောင်မြင်ရန်အတွက် ကလေးငယ်များ၏ ဘဝဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် လက်ဆင့်ကမ်း အမွေယူကြမည့် ကလေးသူငယ်များ အတွက် အခွင့်အရေးကို ဖော်ဆောင်ပေးနိုင်အောင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ်ကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း၊ ပြောင်းလဲလာသော ခေတ်စနစ်များနှင့် သော်လည်ကောင်း၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်နှင့်သော်လည်ကောင်း ကိုက်ညီမှုရှိအောင်ရေးဆွဲခဲ့ကြပါကြောင်း၊ အခွင့်အရေးများ ကို ဖော်ဆောင်ပေးရန် နည်းလမ်းများ ရှိရမည်ဖြစ်ကြောင်း၊ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ပါက ကလေးသူငယ်များအားလုံး သာတူညီမျှခံစား ရရှိမည် ဖြစ်ကြောင်း၊ တူညီသည့် ဥပဒေအကျိုးကို မတူညီသည့် နေရာဒေသများတွင် ရှိသည့် ကလေးသူငယ်များအားလုံး ပြည့်ပြည့်ဝဝ တန်းတူခံစားရရှိအောင် နည်းဥပဒေတွင် ပြည့်ပြည့်စုံစုံ ထည့်သွင်းပေးရန် မှာကြားလိုပါကြောင်း၊  ဥပဒေအသစ်တွင် ကလေးသူငယ်များ၏ အသက်ကို (၁၈)နှစ်အောက်ဟု သတ်မှတ်ထားသောကြောင့် နည်းဥပဒေ ဖော်ဆောင်ရာတွင် ကလေးသူငယ်များအား စောင့်ရှောက်ခြင်း၊ အပြစ်ပေးအရေးယူခြင်းများနှင့် ပတ်သက်၍ အထူးလေးထား ဂရုစိုက်ရမည့်ကိစ္စများ ရှိလာမည်ဖြစ်ကြောင်း၊ ကလေးသူငယ် မွေးစားခြင်း ကဏ္ဍနှင့် ပတ်သက်၍ မိမိတို့နိုင်ငံ၏ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို မသွေဖီဘဲ ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ နည်းဥပဒေကို အကောင်အထည်ဖော် ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ရှင်းလင်းပြတ်သားစွာ ပါရှိရန်လည်း လိုပါကြောင်း၊ လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ရာတွင်လည်း  ထုတ်ပြန်ရမည့် အမိန့်ညွှန်ကြားချက်များသည် ဥပဒေနှင့် ကိုက်ညီမှုရှိရမည်ဖြစ်ပါကြောင်း၊ နည်းဥပဒေကို ရေးဆွဲရာတွင် အတွေ့အကြုံ များပြားသူများ လုပ်ငန်းအဖွဲ့ထဲတွင် ပါဝင်သည့်အတွက်ကြောင့် အတွေ့အကြုံများကို အချင်းချင်း ဖလှယ်ပြီး ပြဿနာရှိနိုင်သည့် ကဏ္ဍများတွင် အကောင်းဆုံး အဖြေရရှိအောင် ပူးပေါင်း ဆောင်ရွက် ပေးကြစေလို ပါကြောင်း၊ ကလေးသူငယ်များသည် မိဘ၊ မိသားစုဝင်များနှင့် ဆက်စပ်ရပ်တည်ရသောကြောင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ နည်းဥပဒေကို ဖော်ဆောင်ရာတွင် ကလေးသူငယ်များနှင့် ဆက်စပ်သော သူများအတွက်ပါ စဉ်းစားထည့်သွင်းပေးဖို့ တိုက်တွန်းလိုပါကြောင်းနှင့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာနည်းဥပဒေ ပေါ်ပေါက်လာရေး ဝိုင်းဝန်းကြိုးပမ်းပေးကြမည့် ဆက်စပ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ ပါသည်။

     ထို့နောက် ဥပဒေဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း (The International Development Law Organization- IDLO)၏ တာဝန်ရှိသူတစ်ဦးက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ နည်းဥပဒေ ဖော်ဆောင်ရေးအတွက် လေ့လာဆန်းစစ် ချက်များ၊ တွေ့ရှိချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

   လူမှုဝန်ထမ်းဦးစီးဌာန၊ တာဝန်ရှိသူများက ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာနည်းဥပဒေ ဖော်ဆောင်ရေး အတွက် ကဏ္ဍများအလိုက် သတ်မှတ်ဆွေးနွေးခြင်း၊ လုပ်ငန်းစဉ်များအတွက် ဆွေးနွေးခြင်းနှင့် တက်ရောက်လာကြသူများက ပြန်လည်မေးမြန်းဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter