ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး ရွှေဘိုမြို့၊ မေတ္တာရိပ် အမျိုးသမီးစောင့်ရှောက်ရေးဂေဟာနှင့် အသက်မွေးသင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှု

ရွှေဘို၊ ၁၅.၂.၂၀၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းရှိ မေတ္တာရိပ် အမျိုးသမီး စောင့်ရှောက်ရေးဂေဟာနှင့် အသက်မွေးသင်တန်းကျောင်းသို့ ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသွားရောက် ကြည့်ရှုခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါ သင်တန်းကျောင်းရှိ ကွန်ပျူတာသင်တန်း ခန်းမ၊ ပန်းချီအရောင်းပြခန်း၊ အလှပြင်သင်တန်းခန်းမနှင့် အမျိုးသမီးငယ်များအား ပြုစု စောင့်ရှောက်ပေးမည့်အဆောက်အဦတို့ကို လိုက်လံ ကြည့်ရှုခဲ့ကြပြီး သင်တန်းကျောင်းအုပ် နှင့် တာဝန်ရှိသူများက အမျိုးသမီးစောင့်ရှောက်ရေးဂေဟာနှင့် အသက်မွေးသင်တန်းကျောင်း ၌ ဆောင်ရွက်ပေးရန် စီစဉ်ထားသည့် လုပ်ငန်းစဉ်များအလိုက် ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂေဟာရန်ပုံငွေအဖြစ် ငွေကျပ် (၁၀)သိန်းကို ဂေဟာမှ ပန်းချီကားချပ် (၁၀) ချပ် ဝယ်ယူခြင်းဖြင့် လှူဒါန်းခဲ့ကြပါသည်။
ရွှေဘိုမြို့နယ်ရှိ မေတ္တာရိပ် အမျိုးသမီးစောင့်ရှောက်ရေးဂေဟာနှင့် အသက်မွေး သင်တန်းကျောင်းတွင် ရင်ခွင်မဲ့ကလေးငယ်များနှင့် မိဘမဲ့အမျိုးသမီးငယ်များအား စောင့်ရှောက် ပေးနိုင်ရေး၊ ကျောင်းနေအရွယ် ကလေးငယ်များအား ပညာဆက်လက် သင်ကြားနိုင်ရေး၊ အမျိုးသမီးငယ်ရွယ်သူများအား အသက်မွေးသင်တန်းများကို လုပ်ငန်းကျွမ်းကျင်သည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ သင်ကြားပေးနိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

FacebookTwitter