ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး ဧရာ၀တီတိုင်းဒေသကြီး ဖျာပုံနှင့် ဒေးဒရဲမြို့များတွင် ရပ်ရွာအခြေပြု စေတနာလူမှု၀န်ထမ်းသမားများနှင့်တွေ့ဆုံ

မတ်လ ၇၊ ဖျာပုံ
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးသည် နံနက်ပိုင်းတွင် တာ၀န်ရှိသူများလိုက်ပါလျက် ဖျာပုံမြို့ရှိ ရှေးဟောင်းသမိုင်း၀င် ပြည်လုံးချမ်းသာ သာစည်ဘုရားကြီးသို့ သွားရောက်ဖူးမျှော်ပြီး အလှူငွေပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာသို့သွားရောက်ခဲ့ပြီး ဘိုးဘွား(၃၅) ဦးအတွက် အလှူငွေ ကျပ် (၅)သိန်း၊  စောင်များနှင့် အခင်းများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် ထန်းပင်ကျောင်းပရိယတ္တိစာသင်တိုက်သို့ သွားရောက်ကာ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ တွဲဘက်အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဝေပုလ္လအား ဖူးမျှော်ပြီး လှူဘွယ်၀တ္ထုများ ဆက်ကပ်လှူဒါန်း ခဲ့ပါသည်။
ဆက်လက်ပြီး ပြည်ထောင်စု၀န်ကြီးနှင့် အဖွဲ့သည် ဖျာပုံနှင့် ဒေးဒရဲမြို့များတွင် ဖွင့်လှစ်လျက်ရှိသော ကိုယ်၀န်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ် များအား ငွေေကြေးထောက်ပံ့ခြင်း (MCCT) အစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်ကြမည့် ရပ်ရွာအခြေပြု စေတနာ လူမှု၀န်ထမ်းသမားများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ထိုသို့ဆွေးနွေးရာတွင် ပြည်ထောင်စု၀န်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူမှ ရွေးခြယ်တင်မြှောက်ထားသော ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ ပြည်သူကို တိုက်ရိုက်အကျိုးပြုသော လုပ်ငန်းများကို ပြည်သူ့လိုအပ်ချက်နှင့်အညီ ဖြည့်ဆည်းအကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ လက်ရှိကာလသည် စစ်မှန်သော ဒီမိုကရေစီစနစ်ပေါ်ထွန်းလာရေးအတွက် အပြောင်းအလဲများကို ဖော်ဆောင်လျက်ရှိသည့် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလဖြစ်ပါကြောင်း၊ ပြည်သူ့ဆန္ဒနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူတစ်ဦးချင်းစီ၏ အခွင့်အရေးများကို ရရှိခံစားနိုင်အောင် ဆောင်ရွက်ပေးနိုင်ရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ ၀န်ကြီးဌာနသည် ပြည်သူနှင့် တိုက်ရိုက် ထိတွေ့ပြီး ပြည်သူ့များ၏ လူမှုရေးလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည့် ၀န်ကြီးဌာနဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်ပြည်သူများ၏ပူးပေါင်းပါဝင်မှုလိုအပ်ပါကြောင်း၊ စေတနာ့၀န်ထမ်း ဆောင်ရွက်ခြင်းဆိုသည်မှာ ပြည်သူနှင့် အနီးကပ်တွင်ရှိသော အများအကျိုး ဆောင်ရွက်လိုသည့် ပြည်သူများက မိမိအကျိုး၊ အများအကျိုးဖြစ်ထွန်းစေပြီး ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းဖြစ်ပေါ်လာရန် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း တွင်ဆောင်ရွက်မည့် MCCT အစီအစဉ်တွင် ရပ်ရွာဆီသို့အရောက်သွား၍  လူမှုရေးအထောက်အပံ့ပေးနိုင်ရေး အသိပေးရှင်းလင်းခြင်း၊ အကျိုးခံစားခွင့်ရှိသူများအား စာရင်းသွင်းမှတ်ပုံတင်ခြင်း၊ အာဟာရဆိုင်ရာ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာနှင့် မိသားစုဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာနကဆောင်ရွက်နေသော အခြားသော ဝန်ဆောင်မှုများ၊ အထောက်အပံ့များနှင့် ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကိုပါ ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ အစိုးရကဆောင်ရွက်သော လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းအစီအစဉ်တွင် ပါဝင်ဆောင်ရွက် ရခြင်းအတွက် ဂုဏ်ယူဖွယ်ရာကောင်းကြောင်း၊ ယခုဆောင်ရွက်သော MCCT အစီအစဉ်သည် ရှေးဦးအရွယ် ကလေးသူငယ်ဘဝမှစ၍ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းခြင်းနှင့် ဦးနှောက်ဖွံ့ဖြိုးတိုးတက်ခြင်းတို့နှင့် ပြည့်စုံပြီး မိမိတို့နိုင်ငံနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ကောင်းများပေါ်ထွန်းလာရေးအတွက်အရေးကြီးသောကိစ္စဖြစ်ကြောင်း၊  ယခုလို (MCCT) အစီစဉ်ကို ဧရာ၀တီ တိုင်းဒေသကြီးတွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမှာ လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာကို စနစ်တကျရေးဆွဲပြီး အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ရန်ပုံငွေ ကန့်သက်ချက်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြိုင်နက်တည်း ဆောင်ရွက် နိုင်ခြင်း မရှိသေးသည့်အတွက် ဦးစားပေးအစီအစဉ်ဖြင့် ပုညှက်မှု အညွှန်းကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့နောက် ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် တိုးချဲ့ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုနှစ်တွင် ဧရာ၀တီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ (MCCT) အစီစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အစိုးရ၏ ခွင့်ပြု ဘဏ္ဍာရန်ပုံငွေနှင့် ကမ္ဘာ့ဘဏ်၏ အတိုးနှုန်းသက်သာသောချေးငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်စီစဉ်ထားရှိပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေကို အလေအလွင့်မရှိစေရန်နှင့် ရင်းနှီးရကျိုးနပ်စေရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထောက်ပံ့မှုလုပ်ငန်းများကို ထောက်ပံ့ခံရသူများထံသို့ အချိန်မှီ၊ အပြည့်အ၀နှင့် တိုက်ရိုက်ရောက်ရှိနိုင်ရေးအတွက် ယခုလို ရပ်ရွာအခြေပြု စေတနာလူမှု၀န်ထမ်းသမားများကို လေ့ကျင့်သင်တန်းပေးပြီး သင်တန်းသူ၊ သင်တန်းသားများက ၀န်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် ပေးကြရမှာဖြစ်ကြောင်း၊ ငွေကြေး ထောက်ပံ့ရာတွင် ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး Electronic Cash Transfer အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်ရေးလည်း စီစဉ်လျက်ရှိပါကြောင်းပြောကြားခဲ့ပါသည်။
MCCT အစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၆) ခု၊ မြို့နယ်ပေါင်း (၂၆) မြို့နယ်တွင် ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် ရပ်ရွာအခြေပြု စေတနာ လူမှု၀န်ထမ်းသမားများ လေ့ကျင့်သင်တန်းပေးခြင်း သင်တန်းပေါင်း(၁၅၈)ကြိမ်ဖွင့်လှစ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်း ဒေသကြီး၊ ဒေးဒရဲမြို့နယ်ရှိ သက်ကြီးရွယ်အိုများဦးစီးသည့် အားလုံးပါဝင်သောလူမှုအားမာန်အဖွဲ့(၈)ဖွဲ့နှင့် ကျိုက်လတ်မြို့နယ်ရှိ လူမှုအားမာန်အဖွဲ့ (၁၉)ဖွဲ့ တို့နှင့် တွေ့ဆုံပြီး ပံ့ပိုးငွေကျပ် စုစုပေါင်း (၂၇၀) သိန်းကို ထောက်ပံ့ပေးခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒေးဒရဲမြို့၊ အမှတ် (၂)ရပ်ကွက်ရှိ ဆောက်လုပ်ဆဲဖြစ်သော ဘိုးဘွားရိပ်သာ အဆောက်အဦနှင့် မြတ်စေတနာဘိုးဘွားရိပ်သာများ သို့သွားရောက်ခဲ့ပြီး ဘိုးဘွားများနှင့် တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြပါသည်။
    အခမ်းအနားများသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်း များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။
    

 

FacebookTwitter