အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကိုတားဆီးခြင်းနှင့် ပတ်သက်၍ဆောင်ရွက်ရန်များ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ညှိနှိုင်းဆွေးနွေး

ဧပြီ၊ ၂၃၊ ၂၀၂၀၊ နေပြည်တော်

          အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကိုတားဆီးခြင်းနှင့် ပတ်သက်၍  ဆောင်ရွက်ရန်ကိစ္စများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးရုံး၌ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ညွှန်ကြားရေးမှူးများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။                                    

       ဆွေးနွေးရာ၌ ပြည်ထောင်စုဝန်ကြီးက အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော် မှုကို တားဆီးခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံး က (၂၀−၄−၂၀၂၀) ရက်နေ့၌ ညွှန်ကြား ချက်ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ ထိုညွှန်ကြားချက်ကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် မိမိတို့၏ ကွပ်ကဲမှု သို့မဟုတ် ညွှန်ကြားမှုအောက်တွင်ရှိသော ဝန်ထမ်းများ၊ အရာရှိများက ပါဝင်ဆောင်ရွက်နိုင်ရန် ညှိနှိုင်းလမ်းညွှန်ရမည်ဖြစ်သဖြင့် ဤအစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် လူမှုကာကွယ်စောင့် ရှောက်ရေး လုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များဖြင့်လူတိုင်းသာတူညီမျှ ရရှိခံစားစေပြီး  လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူမှု သဟဇာတဖြစ်စေကာ စည်းလုံးညီညွတ်၍ ချစ်ကြည်ရင်းနှီးသော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာနိုင်စေရန် ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ အဆိုပါ လူ့အဖွဲ့အစည်းကို တိုးတက်အောင် ဆောင်ရွက်ရာတွင် အနှောက်အယှက်အဟန့်အတားဖြစ်စေနိုင်သည့် အကြောင်းရင်းတစ်ရပ်မှာ အမုန်းစကားပြောဆိုခြင်းပင်ဖြစ်ကြောင်း၊ အမုန်းစကားဆိုသည်မှာ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ကျား/မ သို့မဟုတ် မည်သူမည်ဝါ ဖြစ်သည်ဆိုသည့် မတူကွဲပြားမှုများအပေါ်အခြေပြု၍ လူတစ်ဦးနှင့် တစ်ဦး၊ သို့မဟုတ် လူအုပ်စုတစ်စုနှင့်တစ်စု မမျှမတဝေဖန်ခြင်း၊ မလိုမုန်းထား ပုတ်ခတ်ပြောဆိုခြင်းတို့သည် အကြမ်းဖက်ရန် လှုံ့ဆော်သည့် စကားများပင်ဖြစ်ကြောင်း၊ ထိုအမုန်း စကားပြန့်ပွားစေခြင်းသည် လူ့အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုကို ဖြစ်ပေါ် စေပြီး ဂုဏ်သိက္ခာရှိစွာနေထိုင်ရန်နှင့် ငြိမ်းချမ်းညီညွတ်ပြီး သဟဇာတ ဖြစ်သော လူ့အဖွဲ့အစည်း တစ်ရပ်တည်ဆောက်ရာတွင်များစွာထိခိုက်စေပါကြောင်း၊ သို့ပါ၍ မိမိတို့ဝန်ထမ်းများအနေဖြင့် ထိုသို့သောအမုန်းစကားများကို ကိုယ်တိုင်ပြုမူပြောဆိုဆက်ဆံခြင်း၊ ရေးသားဖော်ပြခြင်း၊ ဖြန့်ဝေခြင်း၊ အားပေးအားမြှောက်ပြုခြင်းများ မပြုလုပ်ကြရန်၊ ယင်းသို့ ပြုမှုဆောင်ရွက်ခြင်းများကို ဝိုင်းဝန်းရှုတ်ချရန်နှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများက  ဦးဆောင်သော အမုန်းစကား ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင်ပါဝင် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ ပါသည်။                                                                                                                

    ထို့နောက် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဆွေးနွေးပွဲ တက်ရောက်လာကြ သူများက အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကိုတားဆီးခြင်းနှင့် ပတ်သက်၍  ဆောင်ရွက်ရန်ကိစ္စများကို ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter