ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ အစည်းအဝေး (၁/ ၂၀၂၀)တွင် COVID -19 တုံ့ပြန်ဆောင်ရွက်မှုများ ညှိနှိုင်းဆွေးနွေး

နေပြည်တော်၊ ၇.၅.၂၀၂၀
    မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံလုံး ဆိုင်ရာအမျိုးသမီးကော်မတီ အစည်းအဝေး (၁/၂၀၂၀) တွင် COVID -19 တုံ့ပြန် ဆောင်ရွက်မှုများကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးရုံး၌ Video Conference ဖြင့် ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။    
    ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန၏ ပုံမှန်လုပ်ငန်းတာဝန် များကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရန် COVID -19 ကာလနှင့် ကိုက်ညီသော Video Conferencing စနစ်ဖြင့် အစည်းအဝေးခေါ်ယူရခြင်း ဖြစ်ကြောင်း၊ COVID-19 ကြောင့် ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေး၊လူမှုရေးတို့အပေါ် အကျိုးသက်ရောက်မှုသည် ကြီးမားပြင်းထန်ပြီး မြန်မာနိုင်ငံ လည်း ခံစားရကြောင်း၊ အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကျိုးသက်ရောက်မှုများမှာ အလွန်ကြီးမားပါကြောင်း၊ အာရှ - ပစိဖိတ်ဒေသအတွင်း COVID-19 ဖြစ်ပွားမှု ပထမရက် (၁၀၀) အစီရင်ခံစာအရ အာရှနဲ့ပစိဖိတ်ဒေသအတွင်းရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် COVID-19 ၏ ကျန်းမာရေး၊လူမှုရေး၊ စီးပွားရေးဆိုင်ရာ နောက်ဆက်တွဲအကျိုးဆက်ခံစားရမှုများ၊ အကြမ်းဖက်ခံရမှုများ၊  ဝန်ထုပ်ဝန်ပိုးဖြစ်စေမှုများ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားနိုင်ခြေရှိသော နိုင်ငံများ တွင် သဘာဝဘေးအန္တရာယ်နှင့် COVID – 19 ၏ အမျိုးသမီးများအပေါ် ပေါင်းစပ်သက်ရောက်မှုများကို ခံစားနေရသည်ကို ဖော်ပြထားပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၊ COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် အမျိုသားအဆင့်စေတနာ့ ဝန်ထမ်းဦးဆောင်အဖွဲ့တို့ကို ဖွဲ့စည်း၍ စီမံချက်၊ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများ၏ အထူးလိုအပ်ချက်များနှင့် အခန်းကဏ္ဍများကို လုပ်ငန်းစဉ်များတွင် ထည့်သွင်းစဉ်းစားဆောင်ရွက်လျက်ရှိကြောင်း၊  လက်ရှိ ဆောင်ရွက်ချက်များကိုလည်း တာဝန်ရှိသူများက ရှင်းလင်းပေးမည်ဖြစ်ပါကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျား - မ တန်းတူညီမျှရေး ကိစ္စရပ်များကို ဆောင်ရွက်နေသည့် မိမိတို့ ကော်မတီအနေဖြင့် COVID-19 ၏ အကျိုးဆက်များကြောင့် မြန်မာအမျိုးသမီးများနှင့် မိန်းကလေး ငယ်များ ကြုံတွေ့နေရသည့် အခြေအနေများကို မိမိတို့ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တုံ့ပြန် ဆောင်ရွက်မှုများနှင့် ထပ်မံ ဆောင်ရွက်ရန် လိုအပ်ချက်များကို ပူးပေါင်းညှိနှိုင်းဆွေးနွေးပေးကြ စေလိုကြောင်း၊  COVID-19 ဖြစ်ပွားနေသောကာလအတွက် သာမက COVID-19 ကာလအလွန် ပြန်လည်ထူထောင်ရေးအတွက်လည်း ဆွေးနွေးပေးကြစေလိုကြောင်း၊  အမျိုးသမီးများအနေဖြင့် COVID-19 ကာလအတွင်း ကျန်းမာရေးကုသမှုခံယူရန်နှင့် ကျန်းမာရေးဝန်ဆောင်မှုများ အထူးသဖြင့် မျိုးဆက်ပွားကျန်းမာရေးဝန်ဆောင်မှုများရယူရန် အခက်အခဲများ ကြုံတွေ့ရနိုင်ပါ ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ၏ COVID-19 တုန့်ပြန်ဆောင်ရွက်မှုများတွင် ကျန်းမာရေး ဝန်ထမ်းများအပါအဝင်  ၆၀ ရာခိုင်နှုန်းသော အမျိုးသမီးများသည် ရှေ့တန်းတွင် ပါဝင်နေရသည့် အတွက် ရောဂါပိုးနှင့် ပိုမိုထိတွေ့နိုင်ဖွယ်ရှိပါကြောင်း၊ အသွားအလာ ကန့်သတ်ခြင်း     Quarantine အစီအစဉ်များကြောင့် အမျိုးသမီးများ၏အလုပ်အကိုင်နှင့် စီးပွားရေးများအပေါ်လည်း အကျိုး သက်ရောက်မှုများရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် COVID-19 ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မှုများကို ကုစားနိုင်ရန်အတွက် အစီအမံများချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့အနေဖြင့် အလုပ်သမားအမျိုးသမီးများအတွက် ပြန်လည်ကုစားမှုများ၊ အခြေခံ လူမှုကာကွယ်စောင့်ရှောက်ရေးများကို ဆောင်ရွက်ပေးနိုင်ရန်ကိစ္စများကို ဆွေးနွေးပေးကြစေလို ကြောင်း၊လေ့လာမှုချက်များအရCOVID-19ကာလအတွင်း အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အပေါ်အကြမ်းဖက်မှုများသည် တစ်ကမ္ဘာလုံးအတိုင်းအတာအရ မြင့်တက်လာသည်ဟုဖော်ပြ လာကြသဖြင့်   မြန်မာနိုင်ငံ၏အခြေအနေကိုလည်း လေ့လာသုံးသပ်ရန်လိုအပ်ကြောင်း၊ အမျိုးသမီး များအပေါ် အကြမ်းဖက်မှုများရှိလာပါက တိုင်ကြားနိုင်ရေးအတွက် Help Line ဝန်ဆောင်မှုကို ယခင်အတိုင်း(၂၄)နာရီ ဖွင့်လှစ်ထားရှိပါကြောင်း၊ ထို့အပြင် ယာယီ Hot Line များထားရှိပြီး စိတ်ဓါတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာ အခမဲ့ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် အထူးစီမံချက်များဖြင့် ဆောင်ရွက်ရာတွင် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအတွက်သာမက အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်မိခင်များကိုပါ ထည့်သွင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ကော်မတီအနေဖြင့် COVID - 19 ကာလအတွင်း အမျိုးသမီးများအတွက် ဆောင်ရွက်ပေးမှုများ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အဓိကသတင်းစကား (၁၀)ချက်နှင့် ခွင့်ပြုထားသည့် အခြေအနေများမှလွဲ၍ လူငါးဦးအထက် စုဝေးခြင်းမပြုရန် ထုတ်ပြန်ချက်များကို လိုက်နာ ဆောင်ရွက်ကြစေရန်လည်း တိုက်တွန်းဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် COVID-19 ကြောင့် အမျိုးသမီးများအပေါ် အကျိုးသက်ရောက်မှုများကို ပြန်လည်ထူထောင်ကုစားရာတွင် နိုင်ငံတော် အစိုးရနှင့်အတူ ပုဂ္ဂလိကကဏ္ဍ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အလှူရှင်အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းပါဝင် ပေးရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ ဒုတိယဝန်ကြီးဦးစိုးအောင်က ဝန်ကြီးဌာနအနေဖြင့် COVID -19 ဆိုင်ရာ လက်ရှိတုံ့ပြန်ဆောင်ရွက်ထားသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာအမျိုးသမီးကော်မတီအဖွဲ့ဝင်အသီးသီးအနေဖြင့် COVID -19 ကာလအတွင်း အမျိုးသမီးများ အတွက် ဆောင်ရွက်မှုများကို ကော်မတီသို့ ပုံမှန်တင်ပြပေးကြရန် တိုက်တွန်းဆွေးနွေးခဲ့ပါသည်။
    ထို့နောက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် အမျိုးသမီးကော်မတီ ဥက္ကဌများဖြစ်ကြသည့် လူမှုရေးဝန်ကြီးများက COVID-19 ကာလအတွင်း ဖြစ်ပွားခဲ့သော အမျိုးသမီး အကြမ်းဖက်မှုများနှင့် ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ထားသည့်ကိစ္စများ၊ ပံ့ပိုးကူညီမှုများ၊ Quarantine နေရာများတွင် ကျား- မအကြမ်းဖက်မှုများမရှိစေရေး ဆောင်ရွက်မှုများ၊ ပြည်ပနိုင်ငံ များမှ ပြန်လည်ဝင်ရောက်လာမည့် ကိုယ်ဝန်ဆောင်မိခင်များအတွက် Quarantine ထားရှိရန် စီစဉ်ထားမှုများနှင့် လိုအပ်ချက်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြပါသည်။
    ယင်းနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်လည်ထူထောင်ရေးဦးစီး ဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားမှုများကို အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
    ထို့နောက် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ ကျား၊မ ရေးရာတန်းတူ ညီမျှရေးကွန်ရက်၊ စီးပွားရေးလုပ်ငန်းရှင်များ ကျား၊ မ တန်းတူညီမျှရေးပူးပေါင်း ဆောင်ရွက်မှု အသင်း၊ လေးကျွန်းသူဖောင်ဒေးရှင်း၊ ဝိသာခါဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံ အမျိုးသမီးအားကစား အဖွဲ့ချုပ် တာဝန်ရှိသူများက COVID - 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ချိတ်ဆက်၍ အလှူငွေများ၊ အကာအကွယ်သုံးပစ္စည်းများ၊ အစားအသောက်များ ကို ပါဝင်ကူညီလျက်ရှိသည့် ကိစ္စများ၊ COVID – 19  ရောဂါကို ရှေ့တန်းက ရင်ဆိုင်နေကြသည့် အမျိုးသမီးများနှင့်ပတ်သက်ပြီး  စစ်တမ်းကောက်ယူ ဆောင်ရွက်နိုင်မည့်ကိစ္စများ၊ ကိုယ်/စိတ် ပင်ပန်းမှုဖြေလျှော့သည့်လေ့ကျင့်မှုများနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကို အွန်လိုင်းမှ တစ်ဆင့် မျှဝေပေးနိုင်ရန်ကိစ္စများ၊ COVID – 19 နှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်း စာစောင်များ၊ ပိုစတာများ၊ အသံဖိုင်များ၊ ဗီဒီယိုအတိုများကို တိုင်းရင်းသား ဘာသာစကားမျိုးစုံဖြင့် ပြည်သူလူထုထံသို့ ဖြန့်ဝေပေးရန်လိုအပ်သည့်ကိစ္စများကို အသီးသီး တင်ပြဆွေးနွေးကြပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက Quarantine နေရာများရှိ ထိခိုက် လွယ်အုပ်စုများအတွက် သီးခြားအသိပညာပေးမှုလုပ်ငန်းများ ပိုမိုဆောင်ရွက်ပေးနိုင်ရေး၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း နည်းစနစ်များကို လက်တွေ့ဆောင်ရွက်ပေးနိုင်ရေး၊ စေတနာ့ ဝန်ထမ်းများနှင့်ချိတ်ဆက်၍ လိုအပ်ချက်စာရင်းများ ကောက်ယူပံ့ပိုးကူညီနိုင်ရေးနှင့် အမျိုးသမီး အရေး ဆောင်ရွက်နေကြသည့် အသင်းအဖွဲ့များအနေဖြင့် COVID – 19 နှင့်ပတ်သက်ပြီး ဆောင်ရွက်လိုသည့် စစ်တမ်းကောက်ယူမှုများကိုလည်း ကော်မတီထံသို့ တင်ပြညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေးတို့ကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter