နေရပ်စွန့်ခွာသူများနေထိုင်ရာ IDP စခန်းများတွင် COVID-19 ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့

မေလ ၁၉ ရက်၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်သည့် COVID-19 ကာလအတွင်း ထိခိုက်လွယ် အုပ်စုတွင်ပါဝင်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များ ငွေကြေးထောက်ပံ့ခြင်း (MCCT) အစီအစဉ်ကို ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ နေရပ် စွန့်ခွာသူများနေထိုင်ရာ IDP စခန်းများတွင် (၁၈.၅.၂၀၂၀) ရက်နေ့မှစတင်ပြီး နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေမှကျခံ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ World Food Programတို့နှင့် ပူးပေါင်း၍ ထောက်ပံ့ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ အကျိုးခံစားခွင့်ရှိသူများသည် သာမာန်အခြေအနေ၌ပင် ထိခိုက်လွယ်သူများ ဖြစ်ကြပြီး၊ ယခုကဲ့သို့သော ပုံမှန်လူမှုစီးပွားဘဝများအပေါ် ကူးစက်ရောဂါကြောင့် သက်ရောက်မှု ရှိလာသောအခြေအနေတွင် ပို၍ထိခိုက်လွယ်သူများဖြစ်လာကြပြီး အခြေခံဝန်ဆောင်မှုများအား ရယူသုံးစွဲနိုင်မှုတွင် အထူးအားနည်းလာခြင်းကြောင့် ဘေးဒုက္ခတစ်ခုခု ကြုံတွေ့ရချိန်တွင် တုံ့ပြန်ဆောင်ရွက်ရသည့် လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ် (Shock Responsive Social Protection Program) အနေဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ နေရပ်စွန့်ခွာသူများနေထိုင်ရာ IDP စခန်းများရှိ ထိခိုက်လွယ်ဆုံးအုပ်စုဝင်များဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂) နှစ်အောက် ကလေးသူငယ်များအား တစ်ကြိမ်ထောက်ပံ့မှု (one time support) ထောက်ပံ့ခြင်း ဖြစ်ပါသည်။

ပထမအကြိမ်ထောက်ပံ့မှုအနေဖြင့် ကချင်ပြည်နယ်ရှိ IDP စခန်း (၄၃)ခုရှိ အကျိုးခံစားသူ ဦးရေ (၁,၂၈၅)ဦးနှင့် ရှမ်းပြည်နယ်ရှိ IDPစခန်း (၁၁)ခုရှိ အကျိုးခံစားသူ (၁၁၇)ဦး၊ စုစုပေါင်း အကျိုးခံစားသူ (၁,၄၀၂)ဦးအား တစ်ဦးလျှင် (၃၀,၀၀၀)ကျပ်နှုန်းဖြင့် ယနေ့တွင် စတင်ထောက်ပံ့ လျက်ရှိပြီး ကျန်ရှိနေသော IDPစခန်းများအား ဆက်လက်၍ ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။

          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် MCCT အစီအစဉ်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်ကစတင်၍ ချင်း၊ ရခိုင်၊ ကရင်၊ ကယား ပြည်နယ်များနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ပုံမှန်‌ထောက်ပံ့မှုများ‌ ဆောင်ရွက်နေသည့်အပြင် COVID-19 ကာလ ထပ်ဆောင်းထောက်ပံ့မှုများပါ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများရှိသော ချင်း၊ ရခိုင်၊ ကရင်၊ ကချင်နှင့် ရှမ်းပြည်နယ် တို့အနက် MCCT အစီအစဉ်ဝင်ရောက်နိုင်သေးခြင်းမရှိသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ IDP စခန်းများတွင်နေထိုင်ကြသော ကိုယ်ဝန်‌ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေး သူငယ်များအား ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။

FacebookTwitter