ဝန်ကြီးဌာနက အကောင်အထည်ဖော်လျက်ရှိသောလုပ်ငန်းများတွင် ဥပဒေအထောက်အကူပေးရေး ဆိုင်ရာ ဆွေးနွေးညှိနှိုင်းခြင်းနှင့် ဥပဒေ၊ နည်းဥပဒေစာအုပ်များ ပေးအပ်

နေပြည်တော်၊ ၂၆.၈.၂၀၂၀
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အကောင်အထည် ဖော်လျက်ရှိသော လုပ်ငန်းများတွင် ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့က ဥပဒေ အထောက်အကူပေးရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းခြင်း၊ ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥပဒေ (၂၀၁၆)နှင့် ဥပဒေဆိုင်ရာအထောက်အကူပေးရေးနည်းဥပဒေ (၂၀၁၇) စာအုပ်များလှူဒါန်းခြင်းကို ယနေ့ မွန်းလွဲပိုင်း၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် လာရောက် ဆောင်ရွက်ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လက်ခံဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်က စာအုပ်များပေးအပ်ရသည့် အကြောင်းအရင်းကို ရှင်းလင်းပြောကြားရာတွင် မိမိတို့ အဖွဲ့အနေဖြင့် ဥပဒေဆိုင်ရာအထောက်အကူ လိုအပ်သော ပြည်သူများအတွက် အခမဲ့ရှေ့နေလိုက် ပေးခြင်း၊ ဥပဒေအရအကြံဉာဏ်များပေးခြင်း၊ သတင်းအချက်အလက်များပေးခြင်း၊ အသိပညာပေး ခြင်းများဆောင်ရွက်ပါကြောင်း၊ ဆင်းရဲနွမ်းပါးသူများ၊ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ ခုခံအားကျဆင်းသည့်ရောဂါရှိသူများ၊ နာတာရှည်ရောဂါခံစားနေရသူများ၊ သက်ကြီးရွယ်အိုများ၊ နိုင်ငံမဲ့များ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများသည် ရာဇဝတ်မှုများတွင်  ပါဝင် ပတ်သက်ပါက ဥပဒေအရ အထောက်အကူပေးခြင်း၊ ပြစ်မှုကြောင်းအရနစ်နာသူများ၊ ပြစ်မှုကျူး လွန်ခြင်းခံရသူများနှင့် ထူးခြားသည့်အကြောင်းအရာများကြောင့် အကူအညီတောင်းခံလာသူများ အား အခမဲ့ဆောင်ရွက်ပေးပါကြောင်းနှင့် မိမိတို့အဖွဲ့၏ ဆောင်ရွက်ချက်များတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဆောင်ရွက်မှုများနှင့် ချိတ်ဆက် ပူးပေါင်း အကောင်အထည်ဖော်ရမည့် ကိစ္စရပ်များပါဝင်သောကြောင့် ယခုလို မိတ်ဆက်ဆွေးနွေး ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာနသည်ပြည်သူများ၏ အခြေခံလူ့အခွင့်အရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးတို့ကို မွေးစမှ သက်ကြီးရွယ်အိုအရွယ်အထိ ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ သဘာဝဘေး၊ လူကြောင့်ဖြစ် သောဘေး စသည့်ဘေးဒုက္ခများ ဖြစ်ပေါ်လာပါက ကူညီထောက်ပံ့ တုံ့ပြန်ဖြေရှင်းပေးခြင်း၊ ပြန်လည်ထူထောင်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အစိုးရက ဦးတည်ဆောင်ရွက် လျက်ရှိသည့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံဖော်ဆောင်ရေးတို့အတွက် မိမိတို့ တာဝန်ယူရသည့် အခန်းကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တရားဥပဒေ စိုးမိုးရေး သည် အဓိကအရေးကြီးသည့်အတွက် လက်ရှိဥပဒေများကိုဆန်းစစ်ပြီး တရားသောဥပဒေများ ပေါ်ပေါက်ရေးနှင့် ဥပဒေစိုးမိုးရန် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူများကလည်း ဥပဒေအကြောင်းကိုသိရှိနားလည်ပြီး ဥပဒေနှင့်အညီတရားမျှတမှုရရှိရန်လိုအပ်ပါကြောင်း၊ ယခုအခါ တရားဥပဒေနှင့်ပတ်သက်လာလျှင် ပြည်သူလူထုအား အသိပညာပေးရာတွင် အထောက်အကူပြု အဖွဲ့များ၏ကဏ္ဍကို သိရှိစေရန်လိုအပ်ပြီး ပို၍ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းမည်ဖြစ်ကြောင်း၊ ပြည်သူများသည် ဥပဒေဘောင်အတွင်းနေထိုင်ရန် လိုအပ်ကြောင်းသိရှိပြီး ဥပဒေ၏ အကာအကွယ် ပေးမှုကို  အပြည့်အဝရယူနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် ဥပဒေဆိုင်ရာအထောက်အကူပေးရေး ဥပဒေ(၂၀၁၆)နှင့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးနည်းဥပဒေ (၂၀၁၇)စာအုပ်များ လှူဒါန်းခြင်း အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်က ဥပဒေစာအုပ်များကို ပြည်ထောင်စုဝန်ကြီးထံသို့ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းသတင်းရရှိပါသည်။

FacebookTwitter