မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ (၂/၂၀၂၀) အစည်းအဝေးကျင်းပ

စက်တင်ဘာ ၇၊ နေပြည်တော်

မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ (၂/၂၀၂၀)အစည်းအဝေးအား ယနေ့ နံနက် (၉:၃၀)အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်း အစည်းအဝေးခန်းမ၌ Virtual အစည်းအဝေးအဖြစ် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံလုံး ဆိုင်ရာအမျိုးသမီးကော်မတီဝင်များ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသည့်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ 

အစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးက အမှာစကား ပြောကြားရာတွင် လက်ရှိကာလမှာ COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့်အတွက် ယခုကဲ့သို့ Virtual အစည်းအဝေးအနေနဲ့ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလုံး ဆိုင်ရာအမျိုးသမီးကော်မတီအနေနှင့် တစ်နှစ်လျှင်အစည်းအဝေး(၂)ကြိမ်ကျင်းပပြီး ၂၀၂၀ပြည့်နှစ်အတွက် ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို မေလ(၇)ရက်နေ့မှာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၎င်းအစည်းအဝေးတွင် COVID-19 ဆိုင်ရာ အမျိုးသမီးကဏ္ဍအပေါ် ဆောင်ရွက်ထားရှိမှုများကို အဓိကဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ အစည်းအဝေးတွင် ကိုဗစ်အလွန်ကာလတွင် အမျိုးသမီးကဏ္ဍမြှင့်တင်ရေး အတွက် မည်သို့ဆောင်ရွက်ကြမည် ဆိုသည်များပါ ဆွေးနွေးခဲ့ကြ ပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW)ပါ လုပ်ငန်းဧရိယာ(၁၂)ရပ်ကို အကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့(၄)ဖွဲ့ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ NSPAW သည် လာမည့်(၂)နှစ်အတွင်း ပြီးဆုံးတော့ မှာဖြစ်သည့်အတွက် အမျိုးသမီးများအတွက်ထိရောက်အကျိုးရှိသည့် လုပ်ငန်းစဉ်များချမှတ်နိုင်ရေးရည်ရွယ်ကာသုံးသပ်ခြင်း၊ လေ့လာဆန်းစစ်ခြင်း လုပ်ငန်းစဉ်များဆောင်ရွက် ထားရှိပါကြောင်း၊ အဆိုပါ လေ့လာဆန်းစစ်ချက်များသည် ထပ်မံရေးဆွဲမည့် NSPAW Phase II အတွက် များစွာအထောက်အကူပြုမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လက်မှတ်ရေးထိုး ထားသည့် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကြေညာချက် (Joint Communique) ကို အကောင်အထည်ဖော်ရန်အတွက် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ် ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီနှင့် လုပ်ငန်းကော်မတီကို ဖွဲ့စည်းထားရှိသည့်အပြင် လုပ်ငန်းစီမံချက် (မူကြမ်း)ကိုလည်းရေးဆွဲထားရှိပြီး မကြာမီ အတည်ပြု နိုင်တော့မှာ ဖြစ်ပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ထိရောက်စွာ အရေးယူ နိုင်ရန်နှင့်အမျိုးသမီးများကို ဥပဒေကြောင်းအရ ကာကွယ်ပေးနိုင်ရေးအတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးဥပဒေကို ရေးဆွဲထားရှိပြီး အမျိုးသား လွှတ်တော်၊ ဥပဒေကြမ်းကော်မတီတွင် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် COVID-19 ကာလအတွင်း ကျေးလက်နေအမျိုးသမီးများနှင့် နေရပ်ပြန်အမျိုးသမီးများအတွက် အလုပ်အကိုင် ဖော်ဆောင်ရေး ညှိနှိုင်းဆွေးနွေးမှုများကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင် အမျိုးသမီးအဖွဲ့ (၁၁)ဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကော်မတီဝင်များ အနေနှင့် COVID-19 တုံ့ပြန်ဆောင်ရွက်ချက်နှင့် ပြန်လည်ထူထောင်ရေး စီမံချက်များရေးဆွဲရာတွင် ကျား-မရေးရာ၊ COVID-19 ၏ အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသည့် အမျိုးသမီးများ၏ ထိခိုက်ခံရလွယ်မှုကို ဖြေရှင်း ဆောင်ရွက်နိုင်ရေးကိုလည်း ထည့်သွင်းစဉ်းစားပေးစေ လိုပါကြောင်း၊ အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုး သမီးကော်မတီ၏ ဦးဆောင်မှုနှင့်အတူ သက်ဆိုင်ရာအစိုးရဌာနများ၊ အဖွဲ့အစည်းများ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီးကော်မတီများအနေနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ(၁/၂၀၂၀)အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြခဲ့ပါသည်။

ထို့နောက် နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်အမျိုးသမီး ကော်မတီများ၏ ဥက္ကဋ္ဌများက သက်ဆိုင်ရာဒေသအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခြင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဝင်များမှ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခြင်းများ၊ အကြံပြုခြင်း များဆောင်ရွက်ခဲ့ကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter