ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများတွင်ပါဝင်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သည့်ကဏ္ဍများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး ညှိနှိုင်းဆွေးနွေး

နိုဝင်ဘာ ၂၄ ၊ နေပြည်တော်
ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများတွင်ပါဝင်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သည့်ကဏ္ဍများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ယနေ့နံနက်ပိုင်းက ၀န်ကြီးဌာနတွင် ညှိနှိုင်းဆွေးနွေး ခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် ပြည်ထောင်စု၀န်ကြီးက ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ (၂၁)ရာစု ပင်လုံအစည်းအဝေးများဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ ညီလာခံ(၄)ကြိမ်ကျင်းပပြီးစီးခဲ့ပြီးဖြစ်ကြောင်း၊ ပြီးစီးခဲ့သော ညီလာခံများတွင် ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်းများကို ချုပ်ဆိုခဲ့ရာ မူဝါဒသဘောတူညီချက်များ ရရှိခဲ့ကြောင်း၊  ဒုတိယအကြိမ်ညီလာခံတွင် (၃၇)ချက်၊ တတိယအကြိမ်ညီလာခံတွင် (၁၄)ချက်နှင့် စတုတ္ထအကြိမ် ညီလာခံတွင် (၂၀)ချက်၊  စုစုပေါင်း သဘောတူညီချက် (၇၁)ချက် ရရှိပြီးဖြစ်ပါကြောင်း၊ အဆိုပါ သဘောတူညီချက်များတွင် မိမိတို့ဝန်ကြီးဌာနနှင့် သက်ဆိုင်သည့်အချက်များကို ၀န်ထမ်းများ အားလုံးက ကျယ်ကျယ်ပြန့်ပြန့်သိရှိရန် လိုအပ်သကဲ့သို့ နယ်စပ်ဒသေတိုင်းရင်းသားများ အပါအ၀င် ပြည်သူများအားလုံးက သိရှိထားရန်လည်းလိုအပ်ကြောင်း၊ မိမိတို့နှင့်သက်ဆိုင်သည့် နိုင်ငံရေး ကဏ္ဍနှင့် လူမှုရေးကဏ္ဍများတွင် ပါ၀င်သော အချို့သော အခြေခံမူအချက်အလက်များသည် မိမိတို့ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများတွင် အကျုံး၀င်ပြီးဖြစ်ပြီး တိုင်းရင်းသားများအပါအ၀င် ပြည်သူတစ်ဦးချင်း၏ အခွင့်အရေးများကို ဖော်ဆောင်ရာတွင် သာတူညီမျှခံစားရရှိရေး ပိုမိုကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ဆဲဖြစ်ကြောင်း၊ ထပ်မံလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို လည်း ထိရောက်စွာကောင်အထည်ဖော် ဆောင်ရွက်ရန်တာ၀န် ရှိပါကြောင်း၊ သို့မှသာ နိုင်ငံတော်က ဦးတည်ဆောင်ရွက်လျက်ရှိသော တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ထွန်းစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲမည့် လုံခြုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ ထိရောက်အောင်မြင်အောင် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ် များသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်သော်လည်း ယခုအချိန်တွင် COVID-19 ကပ်ရောဂါ၏ စိန်ခေါ်မှုကိုရင်ဆိုင်ရဆဲဖြစ်ရာ လုပ်ငန်းများ နှောင့်နှေးမှုမရှိစေဘဲ လုပ်ငန်းစဉ် အကောင်အထည်ဖော်မှုတိုင်းတွင် COVID-19 ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို ထည့်သွင်းလျက် လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းများပါ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆက်စပ်၀န်ကြီးဌာနများ၊ ဌာနဆိုင်ရာများ၊ ငြိမ်ချမ်းရေး လုပ်ငန်းစဉ်များတွင် ပါ၀င်ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ တိုင်းရင်းသားပြည်သူများနှင့် ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စများကို အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter