ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ် အကောင်အထည်ဖော်နိုင်ရေး အမျိုးသားအဆင့်ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကျင်းပ

ဒီဇင်ဘာ ၇ ၊ နေပြည်တော်                                
    လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များပါဝင် ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ် အကောင်အထည်ဖော်နိုင်ရေး အမျိုးသားအဆင့်ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့နံနက်တွင် ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်၍ Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
    အစည်းအဝေးတွင် ကော်မတီ၏ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင် ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ် အကောင်အထည် ဖော်နိုင်ရေးအမျိုးသား အဆင့်ကော်မတီကို (၂၁.၁၁.၂၀၂၀) ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ်၊ ၁၁၆/၂၀၂၀ အရ ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန် (၁၃) ချက်ရှိပါကြောင်း၊ ထိုလုပ်ငန်းတာ၀န်များကို အကောင်အထည်ဖော်ရန် အမျိုးသားအဆင့်ကော်မတီ၏ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၄၈ခုနှစ် ဧပြီလ၊ (၁၉)ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့၀င်နိုင်ငံတစ်ခုဖြစ်ခဲ့ပြီး ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်းကို ပထမဆုံးထောက်ခံခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် လူတစ်ဦး ချင်းစီ၏ အခွင့်အရေးကို မြှင့်တင်ပေးရန်နှင့် ကာကွယ်စောင့်ရှောက်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ ကလေး သူငယ်အခွင့်အရေးများကို ဖော်ဆောင်ရန်  ကုလသမဂ္ဂ၏ ကလေးသူငယ်များ၏ အခွင့်အရေး ဆိုင်ရာသဘောတူစာချုပ်ကို ၁၉၉၁ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး  နောက်ဆက်တွဲ အခြေပြစာချုပ်(၃)ခုကိုလည်း ဆက်လက်ပါ၀င်သွားမည်ဖြစ်ကြောင်း၊ ညစ်ညမ်းရုပ်ပုံများနှင့် ကလေး များအား ပြည့်တန်ဆာအဖြစ်စေခိုင်းခြင်းနှင့် ရောင်းချခြင်းအား တားမြစ်သည့် နောက်ဆက်တွဲ အခြေပြစာချုပ်ကို ၂၀၁၂ခုနှစ်တွင် အတည်ပြုပါ၀င်ခဲ့ပြီး ထိုစာချုပ်(၂)ခုကို လူမှု၀န်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနက အဓိကတာ၀န်ယူဆောင်ရွက် လျက်ရှိကြောင်း၊ ယခုထပ်မံ၍ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်ကို ၂၇-၉-၂၀၁၉ တွင် အတည်ပြုပါ၀င်ခဲ့ရာ အဆိုပါ အခြေပြစာချုပ် နှင့် စပ်လျဉ်း၍ အမျိုးသားကော်မတီက လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး အကောင်အထည်ဖော် ရန်ဖြစ်ကြောင်း၊ ဤနောက်ဆက်တွဲ အခြေပြစာချုပ်၏ အဓိက ဦးတည်ချက်သည် လက်နက်ကိုင် ပဋိပက္ခများအတွင်း အသက်(၁၈)နှစ်အောက် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား အသုံးပြုခြင်းနှင့် တပ်သားစုဆောင်းခြင်းများမှ ကာကွယ်တားဆီးရေးအတွက်လိုအပ်သည့် ဥပဒေပိုင်း ဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာနှင့် အခြားအစီအမံများကို ဆောင်ရွက်ရန်ဖြစ်ရာ၊ ကလေးသူငယ်များ အခွင့်အရေးကို တာ၀န်ယူဆောင်ရွက်လျက်ရှိသည့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး၀န်ကြီးဌာနအပြင် ကာကွယ်ရေး၀န်ကြီးဌာနနှင့်လည်း သက်ဆိုင်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ လိုအပ်သော လုပ်ငန်းကော်မတီများဖွဲ့စည်း၍ အမျိုးသားအဆင့်ကော်မတီက ဆောင်ရွက်ရန် တာ၀န်ရှိသည့် လုပ်ငန်း(၁၃)ရပ်ကို ထိရောက်စွာ အကောင်အထည်ဖော်ရန် လုပ်ငန်းစီမံချက်များကို ပီပီပြင်ပြင်ရေးဆွဲ ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ဤနောက်ဆက်တွဲ အ‌ခြေပြစာချုပ်သည် ၂၇-၁၀-၂၀၁၉ ရက်နေ့မှစ၍ အာဏာသက်ရောက်ခဲ့ပြီးဖြစ်ပါကြောင်း၊ အာဏာ သက်ရောက်ပြီး (၂)နှစ်အတွင်း မြန်မာနိုင်ငံ၏ ဆောင်ရွက်ထားရှိမှုများအား ကုလသမဂ္ဂ၏ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်ကော်မတီသို့ အစီရင်ခံစာတင်သွင်းရမည် ဖြစ်သဖြင့် အချိန်(၉)လသာ ကျန်ရှိပါတော့ကြောင်း၊ ဆောင်ရွက်ရမည့်လုပ်ငန်းများမှာ ယခုမှ စတင် ဆောင်ရွက်ရသည့်လုပ်ငန်းများမဟုတ်ဘဲ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီ၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီစသည့်ကော်မတီ (၃)ခုဖြင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများတွင်လည်းပါ၀င်ပြီးဖြစ်ကြောင်း၊ နိုင်ငံ၏ လက်နက်ကိုင် တပ်ဖွဲ့ဟုဆိုရာတွင် တပ်မတော်သာမက နိုင်ငံအတွင်းရှိ အခြားသောလက်နက်ကိုင် အဖွဲ့အစည်း များပါဝင်နေပါသဖြင့် ညှိနှိုင်းဆွေးနွေးနိုင်ရေးအတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အရေးကြီး သော အခန်းကဏ္ဍတွင်ပါဝင်သည့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီတို့နှင့် ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အမျိုးသားကော်မတီ၏ ဆောင်ရွက် ချက်များကို မီဒီယာတွင် ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ပြန်ကြားရေး၀န်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရေးနှင့် အချိန်မီ အစီရင်ခံစာတင်သွင်းနိုင်ရေး အကြံပြုဆွေးနွေး ပေးကြ ရန်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
    ထို့နောက် ကော်မတီအတွင်းရေးမှူး ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းတာ၀န်များကို အသေးစိတ်ရှင်းလင်းတင်ပြ ခဲ့ပါသည်။
    ဆက်လက်၍ ကော်မတီ ဒုတိယဥက္ကဌ  ကာကွယ်ရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီးနှင့် အဖွဲ့၀င် ဒုတိယ၀န်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက လိုအပ်သော လုပ်ငန်းကော်မတီများ ဖွဲ့စည်းရေးနှင် လုပ်ငန်းစီမံချက်များ ရေးဆွဲရေးတို့ကို အသေးစိတ် ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီးက နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter