ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပြည်သူလူထုအခြေပြု COVID – 19 စေတနာ့ဝန်ထမ်းအစီအစဉ်တွင် အမျိုးသမီးကော်မတီများနှင့် ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေး

ဒီဇင်ဘာ ၁၈ ၊ နေပြည်တော်
    အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ပြည်သူလူထုအခြေပြု COVID – 19 စေတနာ့ဝန်ထမ်း အစီအစဉ်တွင် အမျိုးသမီးကော်မတီများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း၌ အဆိုပါဝန်ကြီးရုံးတွင် video conferencing စနစ်ဖြင့် ဆောင်ရွက်ခဲ့ပါ သည်။
    အဆိုပါအစည်းအဝေးသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆရာဝန်အသင်း ဒုတိယဥက္ကဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး ကော်မတီအဖွဲ့ဝင် အမျိုးသမီးအဖွဲ့(၁၁)ဖွဲ့နှင့် တာဝန်ရှိသူ များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
     ပြည်ထောင်စုဝန်ကြီးက COVID – 19 ရောဂါသည် ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ကူးစက်ပြန့်ပွားဆဲဖြစ်သကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ကူးစက်ပြန့်နှံ့ဆဲဖြစ်ကြောင်း၊ COVID – 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တို့က COVID – 19 ရောဂါနှင့်ပတ်သက်၍ နည်းဗျူဟာများ ပြောင်းလဲမှုကို ချိန်ဆ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြောင်းလဲဆောင်ရွက်ရာတွင် အောက်ခြေရပ်ကွက်၊ ကျေးရွာ များအထိ အမှန်တကယ်ပြောင်းလဲဆောင်ရွက်ကြရန် ပူးပေါင်းဆောင်ရွက်နိုင်မှု အရေးကြီး ပါကြောင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ ပြည်သူများ ကြုံတွေ့ခံစားနေရသော အခက်အခဲများကို ကျော်လွှားနိုင်ရေးအတွက် မိမိတို့အနေဖြင့် ကူညီဖြေရှင်း ချိတ်ဆက် ဆောင်ရွက်ရေးရန် လိုအပ်ပါကြောင်း၊ ထို့သို့ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ အဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုနှင့် နီးစပ်စွာဆောင်ရွက်ခဲ့မှု အတွေ့အကြုံများလည်းရှိပြီး ဖြစ်သည့်အတွက် ပါဝင်ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရန် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနက (၁၄.၁၂. ၂၀၂၀) ရက်နေ့၌ ပြည်သူလူထုအခြေပြု COVID – 19 ထိန်းချုပ်ရေး အစီအစဉ်တွင် ပြည်သူလူထုအခြေပြု ရပ်ရွာစေတနာ့ဝန်ထမ်းများ (Community COVID Volunteer – CCV) များအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်း အစည်းအဝေးဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်သူလူထုအခြေပြု COVID-19  ထိန်းချုပ်ရေး အထူးစီမံချက် (Community COVID Control – CCC) ကို ရှေ့ပြေးစမ်းသပ်မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်နှင့် မြောက်ဥက္ကလာပ မြို့နယ်တို့တွင် စတင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆရာဝန်အသင်းတို့နှင့် ပူးပေါင်း၍ စေတနာ့ဝန်ထမ်းများ လေ့ကျင့်ရေးဆိုင်ရာလက်စွဲစာအုပ်များထုတ်ဝေပြီး ဆရာဖြစ်သင်တန်း များနှင့် ဆင့်ပွားသင်တန်းများကို လိုအပ်ချက်အရ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ ပြည်သူလူထုအခြေပြု COVID – 19 ထိန်းချုပ်ရေးလုပ်ငန်းစဉ်အတွက် မြေပြင်တွင် ပြည်သူများ သတင်းအချက်အလက်အမှန်များ ရှင်းလင်းစွာသိရှိရေး၊ လိုအပ်လျက်ရှိသော နှစ်သိမ့်ဆွေးနွေးခြင်းနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမှုများ ပြုလုပ်ခြင်းများကို ပြည်သူလူထု အခြေပြု COVID – 19 နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဉ်ဖြင့်လည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ယခုဆောင်ရွက်သည့်နည်းလမ်းသည် မိမိတို့၏ ရပ်ကွက်၊ ကျေးရွာများကို အခြေခံသည့်စေတနာ့ဝန်ထမ်းများ ဖော်ထုတ်ရန် ဖြစ်ပါကြောင်း၊ လက်ရှိပြည်သူများအကြား တွင် ဆောင်ရွက်နေကြသူများအတွက် ပို၍အချိတ်အဆက်မိအောင် ပူးပေါင်းဆောင်ရွက် သည့် အစီအစဉ်ဖြစ်ပါကြောင်း၊ ပြည်သူလူထုအခြေပြု COVID–19 ထိန်းချုပ်ရေး အထူးစီမံချက်ကို အထောက်အကူပြုနိုင်မည့် ပြည်သူလူထုအခြေပြု ရပ်ရွာစေတနာ့ဝန်ထမ်း များအဖြစ် ပြောင်းလဲလာသော အခြေအနေများကို ရပ်ကွက်၊ ကျေးရွာများအတွင်း အလျင်မီ သတင်းရရှိနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ် COVID Control Center စသည့်ဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် ပြည်သူလူထုအခြေပြု COVID – 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး ရပ်ရွာစေတနာ့ဝန်ထမ်းများများ လေ့ကျင့်မွေးထုတ် အကောင်အထည်ဖော်ရေး လုပ်ငန်းစီမံချက်ကို ရေးဆွဲပြီးဖြစ်၍ ဗဟိုကော်မတီသို့ တင်ပြထားပါကြောင်းနှင့် လုပ်ငန်းစီမံချက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကိုလည်း ပါဝင်ဆောင်ရွက် နိုင်ရန် ထည့်သွင်းထားပါကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ရမည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း စသည်ဖြင့် အားလုံး၏စုပေါင်း ချိတ်ဆက်မှုများ ဖြင့် ပြည်သူလူထုအတွက် အကောင်းဆုံးဆောင်ရွက်ပေး နိုင်မည်ဖြစ်သည်ဟု ယူဆပါကြောင်း ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ မြန်မာနိုင်ငံဆရာဝန်အသင်း ဒုတိယဥက္ကဌ ဒေါက်တာမြသီတာက ပြည်သူလူထုအခြေပြု COVID – 19 စေတနာ့ဝန်ထမ်း အစီအစဉ်များနှင့် ပတ်သက်၍ ရပ်ကွက်၊ ကျေးရွာများအတွင်း မိမိတို့ဒေသအလိုက် ပါဝင်ဆောင်ရွက်မည့် စေတနာ့ဝန်ထမ်း များ စာရင်းကောက်ယူခြင်း၊ လိုအပ်သော သင်တန်းများပေးခြင်း၊ အဖွဲ့များ ဖွဲ့စည်းခြင်း၊ ချိတ်ဆက်ဆောင်ရွက်ရမည့် အစီအစဉ်တို့နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
    ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်း၊ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၊ ကျား၊ မ ရေးရာတန်းတူညီမျှ ရေးကွန်ရက်၊ အမျိုးသမီးအဖွဲ့များကွန်ရက်၊ စီးပွားရေးလုပ်ငန်းရှင်များ ကျား၊မတန်းတူညီမျှ ရေး ပူးပေါင်းဆောင်ရွက်မှုအသင်း၊ လေးကျွန်းသူဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ်၊ ဝိဿခါဖောင်ဒေးရှင်းတို့၏ ဥက္ကဌများနှင့်တာဝန်ရှိသူများက ပါဝင်ကူညီ ပံ့ပိုးပေးမည့်ကိစ္စများကို အသီးသီးဆွေးနွေးခဲ့ကြပါသည်။
    ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးမှုများနှင့် ပတ်သက်၍ ချိတ်ဆက်ဆောင်ရွက်ရမည့် ကိစ္စများနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter