ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ သဘာဝတရားရိပ်သာရှိ COVID - 19 ရောဂါကူးစက်ခံရသည့် အစောင့်အရှောက်ခံ သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ကြေးပေးအပ်

နေပြည်တော်၊ ဒီဇင်ဘာ ၁၈
    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ သဘာဝတရားရိပ်သာရှိ COVID – 19  ရောဂါကူးစက် ခံရသည့် အစောင့်အရှောက်ခံ သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ကြေး ပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ် ခဲ့ပါသည်။
    အခမ်းအနားတွင် သန်လျင်မြို့၊ သဘာဝတရားရိပ်သာ ဦးစီးပဓါန နာယကဆရာတော် ဦးဥတ္တမသာရက ဩဝါဒစကား မြွက်ကြားခဲ့ပါသည်။ ဆက်လက်ပြီး လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက နိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများအတွက် လူ့အခွင့်အရေးများ တန်းတူညီမျှရရှိရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို နိုင်ငံတကာနှင့် ဒေသတွင်းစံနှုန်းတို့ကို အခြေခံ၍ အလေးအနက်ထား ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် သက်ကြီးရွယ်အိုများဥပဒေနှင့်အညီ မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများကော်မတီနှင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ် တို့တွင် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီတို့ကို အဆင့်ဆင့်ဖွဲ့စည်းပြီး သက်ကြီးရွယ်အို များ၏ အခွင့်အရေးများကို ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ သက်ကြီးရွယ်အိုများ၏ ဝင်ငွေ လုံခြုံရေးကို အထောက်အကူပြုနိုင်ရန် အမျိုးသားလူမှုရေးပင်စင်အစီအစဉ်ကိုလည်း ၂၀၁၇ - ၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်ကတည်းက စတင်အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ လက်ရှိဖြစ်ပွား နေသည့် COVID - 19 ကပ်ရောဂါ အရေးပေါ်အခြေအနေတွင် ထိခိုက်လွယ်အခြေ အနေတွင်ရှိသော ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများအတွက် အခြေခံစားသောက်ကုန် ပစ္စည်းများနှင့် COVID - 19 ကာကွယ်ရေးပစ္စည်းများဝယ်ယူနိုင်ရေးအတွက် ငွေကြေးထောက်ပံ့မှု အစီအစဉ်တို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် သက်ကြီးရွယ်အိုများအကြား COVID - 19 ကြောင့် ဖြစ်ပွားနိုင်သည့် လူမှုစီးပွားအခက်အခဲများကို လျော့ပါးစေရေးအတွက် လူမှုရေး ပင်စင် ခံစားလျက်ရှိသည့် သက်ကြီးရွယ်အိုများ၊ COVID – 19 စီးပွားရေးကုစားမှုအစီအစဉ်အရ အသက် (၈၀) နှစ်ပြည့်ပြီး အသက် (၈၅) နှစ် မပြည့်သေးသည့် သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ခဲ့ပါကြောင်း၊ ယခုအခါ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ရှိ သဘာဝတရားရိပ်သာတွင် ပြုစုစောင့်ရှောက်ထားသည့် အစောင့်အရှောက်ခံဘိုးဘွားများအနက် COVID - 19 ကူးစက်ခံရသူ မသန်စွမ်းသက်ကြီးရွယ်အို (၅၉) ဦးနှင့် သက်ကြီးရွယ်အို (၁၁၁) ဦး စုစုပေါင်း (၁၇၀) ဦးတို့အတွက် (၁) ဦးလျှင် ကျပ်(၃၀,၀၀၀/-) နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၅,၁၀၀,၀၀၀/-) (ကျပ်ငါးဆယ့်တစ်သိန်းတိတိ)နှင့် ရိပ်သာရှိ အခြားဘိုးဘွားများအတွက် COVID - 19 ကာကွယ်ရန် နှင့်  အာဟာရပြည့်ဝစေရန် ကျပ်(၁၁၉) သိန်း၊ စုစုပေါင်း ကျပ် (၁၇၀) သိန်း ထောက်ပံ့ခြင်း ဖြစ်ပါကြောင်း၊ COVID – 19  ကပ်ရောဂါကာလတွင် သက်ကြီးရွယ်များ ထပ်မံကူးစက်ခြင်း မခံရအောင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဂေဟာများတွင် COVID – 19  ကာကွယ်ရေးအတွက် လိုက်နာရမည့် စံသတ်မှတ်ချက်များကို လိုက်နာကြရန်လိုအပ်ကြောင်း၊ ယခုကြုံတွေ့နေရသည့် COVID - 19 ကပ်ရောဂါအန္တရာယ် ရင်ဆိုင် တုံ့ပြန်ရာတွင် အားလုံးပူးပေါင်း ဆောင်ရွက်နိုင်ဖို့လိုပါကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကိုယ်စား ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနရုံးနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနရုံးတို့မှ တာဝန်ရှိသူများက ထောက်ပံ့အလှူငွေ ပေးအပ်ရာ သန်လျင်မြို့ သဘာဝတရားရိပ်သာမှ ဆေးအဖွဲ့တာဝန်ခံ ဆရာလေးဒေါ်စာဂဝတီက လက်ခံရယူပါသည်။
 ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်မြို့၊ သဘာဝတရားရိပ်သာရှိ COVID – 19  ရောဂါကူးစက်ခံရသည့် သက်ကြီး ရွယ်အိုများနှင့် အစောင့်အရှောက်ခံ သက်ကြီးရွယ်အိုများအားလုံးအတွက် ပံ့ပိုးကူညီထောက်ပံ့ခြင်း များအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သတင်းရရှိပါသည်။

FacebookTwitter