လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသော လူငယ်နှင့် အမျိုးသမီးသင်တန်းကျောင်းများအတွက် သင်တန်းကျောင်းဆိုင်ရာလက်စွဲ (SoP) ရေးဆွဲထားရှိမှုအပေါ် ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကျင်းပပြုလုပ်

၃.၁၁.၂၀၂၁၊ နေပြည်တော်

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားရှိသည့် လူငယ်နှင့်အမျိုးသမီးသင်တန်းကျောင်းများအတွက် သင်တန်းကျောင်းဆိုင်ရာလက်စွဲ (Standard Operating Procedure)(SoP) ရေးဆွဲထားရှိမှုအပေါ် ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့နံနက်က Video Conferencing စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးများနှင့် သင်တန်းကျောင်းအသီးသီးမှ တာဝန်ခံ/ကျောင်းအုပ်များ တက်ရောက်ကြပါသည်။

          အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကာလအတွင်း လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားရှိသော သင်တန်းကျောင်းများမှ ကလေးသူငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားသောက်နေထိုင်ရေးကိစ္စရပ်များတွင် အဆင်ပြေချောမွေ့စေရေး အထူး ဆောင်ရွက်ပေးခဲ့သည့် သင်တန်းကျောင်းအသီးသီးမှ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ လတ်တလောကာလအတွင်း မိမိတို့ဝန်ကြီးဌာန၏ အဓိကလုပ်ငန်းစဉ်များဖြစ်သည့် သင်တန်းကျောင်းများမှ ကလေးသူငယ်များအတွက် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ဖြစ်ပေါ်စေရေးနှင့် လုပ်ငန်းဆောင်ရွက်ချက်များတွင် စနစ်တကျ လည်ပတ်နိုင်စေရေးအတွက် သင်တန်းကျောင်းဆိုင်ရာလက်စွဲရေးဆွဲထားရှိခြင်းအပေါ်  ပြန်လည်သုံးသပ်ခြင်းများကို ဆောင်ရွက်နိုင်သည့်အတွက် အလွန်အကျိုးရှိပါကြောင်း၊ သင်တန်းကျောင်းအသီးသီးရှိ ကလေးသူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းများရှာကြံ၍ အတတ်နိုင်ဆုံးပံ့ပိုးဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ လမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစီမံချက်နှင့် သင်တန်းကျောင်းများရှိ ကလေးသူငယ်များအတွက်ဘဝရပ်တည်ရေး လုပ်ငန်းစီမံချက်တို့ကို ရေးဆွဲထားရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးက သင်တန်းကျောင်းများတွင် လုပ်ငန်းစဉ်များချမှတ် ဆောင်ရွက်ရာတွင်  ကလေးများ၏ နေ့စဉ် စား၊ ဝတ်၊ နေ၊ ရေး ကိစ္စရပ်များအတွက် အဆင်ပြေချောမွေ့စေရေး အားထုတ်ဆောင်ရွက်ကြရပါကြောင်း၊ ပညာရည် တိုးတက်ရေးနှင့် ဘဝတစ်သက်တာအတွက် အခြေခံအလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက်လည်း တစ်ဖက်တစ်လမ်းမှ ပံ့ပိုးဆောင်ရွက်ပေးရပါကြောင်း၊ အခြေခံအားဖြင့် ကလေးများ၏ အသက်(၁၅)နှစ်မှ (၁၈) နှစ်အကြားသည် စိတ်ပိုင်းဆိုင်ရာအားဖြင့် အထူးဂရုစိုက်ရမည့် အနေအထားဖြစ်ပါကြောင်း၊ မိမိတို့ကလေးများအတွက် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအပြင် သက်မွေးပညာ၊ ပြင်ပဗဟုသုတ၊ လူမှုပတ်ဝန်းကျင်နှင့် ဆက်ဆံရေးစွမ်းရည်များပါသင်ကြားပေးရန် လိုအပ်ပါကြောင်း၊ သင်တန်းကျောင်းအသီးသီးရှိ ဝန်ထမ်းများ၏ စွမ်းရည်နှင့်အရည်အသွေးများ တိုးတက်မှုရှိစေရန် အစဉ်အမြဲပံ့ပိုးပေးရန်လိုအပ်ကြောင်း ပြောခဲ့ပါသည်။

          လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသော သင်တန်းကျောင်းများနှင့် စပ်လျဉ်း၍ စောင့်ရှောက်ထားရှိသည့် ကလေးသူငယ်အမျိုး အစားပေါ်မူတည်၍ သင်တန်းကျောင်းများကို ပြင်ဆင်သတ်မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းကျောင်းများရှိ ကလေးသူငယ်များ၏ ဘဝရပ်တည်ရေးအတွက် အတန်းပညာ၊ သက်မွေးပညာများရရှိစေရေးအတွက် နှစ်စဉ်လုပ်ငန်းစီမံကိန်းတွင် ထည့်သွင်း၍လည်းကောင်း၊ စီမံချက်များရေးဆွဲ၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် ကလေးများ၏ နေ့စဉ်လုပ်ငန်းဆောင်ရွက်ချက်များတွင် ပညာရပ်တစ်ခုရရှိစေရေး ပံ့ပိုးပေးရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သင်တန်းကျောင်းဆိုင်ရာလက်စွဲ (SoP) အပေါ် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter