ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ တောင်ငူခရိုင် လူမှုဝန်ထမ်းရုံးနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှူးရုံးများသို့ ရောက်ရှိစစ်ဆေး

       လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်သည် ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ ပဲခူးတိုင်းဒေသကြီး လူမှုရေးဝန်ကြီးတို့နှင့်အတူ တာဝန်ရှိ သူများလိုက်ပါလျက် (၂၁-၁၁-၂၀၂၁) ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးတွင် ပြုလုပ်သည့် ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင်  လက်ရှိတွင် ဝန်ကြီးဌာန၏ ပင်မလုပ်ငန်း တာဝန်များကို ပိုမိုကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ပြီး လုပ်ငန်းလမ်းညွှန်(SOP)များ ပြန်လည်ရေးဆွဲနေပါကြောင်း၊ ကပ်ရောဂါဖြစ်ပွား နေသည့်ကာလအတွင်း New Normal ပုံစံဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ခရီးသွားလာမှုများ နည်းပါးသော်လည်း Online Meeting ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ နှင့် မကြာခဏတွေ့ဆုံနိုင်ပြီး ခရိုင်အဆင့်တာဝန်ရှိသူများလည်း ပါဝင်တက်ရောက်ပါက ပိုမို ကောင်းမွန်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန၏ အဓိကလုပ်ငန်းတာဝန်အနေဖြင့် ပြည်သူလူထုအားလုံး လူ့ဂုဏ်သိက္ခာနှင့်အညီ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် ဘေးဒဏ်ကိုကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်းဖြစ်အောင် တည်ဆောက်ရေးဖြစ်သည့်အတွက် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု လုပ်ငန်းများ ဆောင်ရွက်နေသော ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများအပါအဝင် ပြည်သူလူထုအားလုံး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အယူအဆနှင့် ကြိုတင်မျှော်တွေး ပြင်ဆင်မှုများ ဆောင်ရွက်လာနိုင်စေရန်အတွက် အသိပညာပေးမှုများ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် မူလတန်းကြို ပညာရေးလွှမ်းခြုံမှု ပိုမိုတိုးတက်လာစေရေးအတွက်ကျောင်းများတိုးချဲ့ဖွင့်လှစ်နိုင်ရေး ပံ့ပိုးကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဌာနအနေဖြင့် ပြုစုစောင့်ရှောက်ထားသော ကလေးများ၏ ရေရှည်အနာဂတ် ရှင်သန်ရပ်တည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် လက်တွေ့အသုံးချနိုင်မည့် အသိပညာအတတ်ပညာများရရှိရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် ဆက်စပ်ဌာနများနှင့် ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်မြို့နယ်ရုံး များဖွင့်လှစ်နိုင်မှု နည်းပါးနေသေးသည့်အတွက် နေရာအလိုက် ရုံးဖွင့်လှစ်ပြီးသည့် ဦးစီးဌာနရုံးမှ အခြားဦးစီးဌာန၏လုပ်ငန်းတာဝန်ကိုလည်း ခွဲဝေတာဝန်ယူ လုပ်ဆောင်ပေးစေလိုပါကြောင်း၊ မိမိတို့အနေဖြင့် ဝန်ကြီးဌာနတွင် စုပေါင်း ဆွေးနွေးတိုင်ပင်ဆုံးဖြတ်သည့် ပုံစံဖြင့်ဆောင်ရွက်နေခြင်းဖြစ်ပြီး မိမိတို့၏ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်များတွင်လည်း အလားတူပင် စုပေါင်းဦးဆောင်သည့်ပုံစံဖြင့် ဆောင်ရွက်သွားစေလိုပါကြောင်း၊ ဝန်ထမ်းအင်အား နည်းပါးသော်လည်း တစ်ဦးတစ်ယောက်ချင်းစီ၏ စုပေါင်းအင်အားဖြင့် တက်ကြွစွာပါဝင် လုပ်ဆောင်မှုအားလုံးကို ဂုဏ်ယူအသိအမှတ်ပြုပါကြောင်းဖြင့် ဆွေးနွေးမှာကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ဝန်ထမ်းများအနေဖြင့် ထားရှိခံယူအပ်သော သဘောထားနှင့် မိမိတို့ဆောင်ရွက်လျက်ရှိသော ပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ငန်းများ ထိရောက် အောင်မြင်အောင် စုပေါင်းလုပ်ဆောင်သွားကြရန် ဆွေးနွေးမှာကြားခဲ့ပါသည်။ ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရုံးဖွင့်လှစ်ထားရှိမှု အခြေအနေ၊ ခရိုင်အတွင်းအများဆုံးဖြစ်ပွားသော ရေကြီး ရေလျှံဘေး၊ လေပြင်းဘေး၊ မိုင်းဖြစ်စဉ်များ အပေါ်ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေကို တိုင်းဒေသကြီး ဦးစီးမှူးကလည်းကောင်း၊ ခရိုင်အတွင်း လူမှုဝန်ထမ်းလုပ်ငန်းကြီး (၇)ရပ်အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ခရိုင်လူမှုဝန်ထမ်းဦးစီးမှူးက လည်းကောင်းရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက သိရှိလိုသည်များကိုမေးမြန်းကာ လိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တက်ရောက်လာသူ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ပဲခူးတိုင်း ဒေသကြီး လူမှုရေးဝန်ကြီးတို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် တောင်ငူမြို့၊ အမှတ်(၁၈) ရပ်ကွက်ရှိ ကြာနီကန်ပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီးက ကျောင်းတိုက်ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယထံသို့ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ ဆရာတော်ထံမှ တရားတော်များနာယူခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ ပဲခူးတိုင်းဒေသကြီး လူမှုရေးဝန်ကြီးတို့နှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိရာတာဝန်ခံ ကျောင်းအုပ်က တောင်ငူမြို့နယ်ကို Stay at Home အမိန့်ပယ် ဖျက်ပြီးသည့် အချိန်မှစ၍ သင်တန်းကျောင်းအနေဖြင့် ကျောင်းအခြေပြု သင်တန်းနှင့် ရပ်ရွာ အခြေပြု သင်တန်းများအား သင်တန်းကာလ(၁)လခွဲဖြင့် မိန်းမဝတ် (လက်မ)၊ မိန်းမဝတ် (စင်တီ)၊ စင်တီအထူး၊ ကျားရှပ်တိုက်ပုံ၊ ကုတ်အင်္ကျီ၊ စတိုင်ဘောင်းဘီ၊ ဇာထိုးပန်းထိုး စသည့် စက်ချုပ်သင်တန်းများ၊ မြန်မာအစားအစာ၊ မုန့်မျိုးစုံ၊ သစ်သီးယိုစုံစသည့် မုန့်လုပ်ငန်း သင် တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး သင်တန်းများ ဖွင့်လှစ် ပေးနေမှုနှင့် တက်ရောက်သင်ယူနေမှုအခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက တက်ရောက်သင်ယူလျက်ရှိသည့် သင်တန်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးခဲ့ပြီး အလုပ်အကိုင်နှင့် ဝင်ငွေအခွင့် အလမ်းများ ရရှိနိုင်ရေးအတွက် ပိုမိုခေတ်မီသော နည်းစနစ်များကို ဆင့်ပွား လေ့လာဆည်းပူး သွား ကြရန်နှင့် ဈေးကွက်ဝင်သော ထုတ်ကုန် ပစ္စည်းများအား ပိုမိုထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ခရိုင်လူမှုဝန်ထမ်း ရုံးသို့ရောက်ရှိ ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter