လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

     လူမှုရေးကဏ္ဍမှာ ကျယ်ပြန့်သည့်အလျောက် ကြားကာလအစိုးရသက်တမ်းကာလအတွင်း ဝန်ကြီးဌာန၏ မူလလုပ်ငန်းတာဝန်များဖြစ်သော  ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့်  ထိခိုက်လွယ်အုပ်စုများဖြစ်သော ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွား ဖြစ်ထွန်းအောင် နည်းမှန်လမ်းမှန်ဖြင့် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းဖြည့်ဆည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအနေဖြင့် ဌာနပိုင်၊ ပုဂ္ဂလိကနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ ဖွင့်လှစ်သင်ကြားပေးခြင်းအပြင် Online စနစ်ဖြင့်ပါ စတင် အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး လုပ် ငန်းများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မိမိတို့ဌာနပိုင် သင်တန်းကျောင်း၊ ဂေဟာ များသို့ ရောက်ရှိလာသည့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ပေးရမည့် အမျိုးသမီးများ၏ ဘဝတိုးတက်မြင့်မားရေးအတွက် ၎င်းတို့ပညာသင်ယူခွင့်ရရှိရေး၊ အမှန်တကယ်အကျိုးရှိပြီး လက်တွေ့ကျသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ယူတတ်မြောက်နိုင်ရေး လိုအပ်သည့် နည်းပညာ၊ ငွေကြေး၊ လုပ်ငန်းများရပ်တည် လည်ပတ်နိုင်အောင် ကူညီပံ့ပိုး ပေးရမည်ဖြစ်ကြောင်းအမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေ(မူကြမ်း) ကို အတည်ပြုပြဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပြီး ဖြစ်ရပ်စီမံခန့်ခွဲသူများအနေဖြင့်လည်း အမှန်တကယ် ထိရောက်ကောင်းမွန်သော ပံ့ပိုးမှုများ ဆောင်ရွက်နိုင်ရေး လူမှုရေးပညာ တက္ကသိုလ်တည်ထောင်ဖွင့်လှစ် ပြီးစီးပါက လူမှုရေးပညာ ဖြစ်ရပ်စီမံခန့်ခွဲသူများ များစွာမွေးထုတ်ပေးနိုင်တော့မှာဖြစ်ပါကြောင်း၊ ၂၀၁၄ခုနှစ်တွင် အတည်ပြုပြဌာန်းခဲ့သည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ပါ လုပ်ငန်းစဉ်အတိုင်း လက်ရှိတွင် အသက်(၈၅)နှစ် နှင့်အထက် အဘိုးအဘွားများအတွက် လူမှုရေး ပင်စင်ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် ငွေကြေး ထောက်ပံ့ပေးမည့် အစီအစဉ် (MCCT)တို့တွင် Electronic Cash Transfer (ECT) နည်းလမ်းဖြင့် ပိုမိုထိရောက် ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက် လူမှုရေးအချက်အလက် စီမံခန့်ခွဲမှုစနစ်ကို ထူထောင်နိုင်ရေး ဆက်လက် ကြိုးပမ်း‌ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းများတွင် ထိန်းသိမ်းစောင့်ရှောက်ထားရှိသော ကလေးသူငယ်များ ဘဝတစ်သက်တာ ရှင်သန်ရပ်တည်နိုင်ရေး အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြား ပေးရာတွင် ၎င်းတို့အတွက် လွယ်ကူစွာတတ်မြောက်ပြီး ဝင်ငွေလက်လှမ်းမီရနိုင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးအတတ်ပညာများကို သင်တန်းကျောင်းအနေဖြင့် ဖြစ်ထွန်းအောင် မြင်ပြီး ဈေးကွက်သို့ တင်ပို့နိုင်သည်အထိ ၎င်းတို့ဦးဆောင်မှုဖြင့် ၎င်းတို့ကိုယ်တိုင် ပါဝင် ဆောင်ရွက်ပြီး ငွေစာရင်းထားသိုနည်းပညာရပ်များအပါအဝင် ၎င်းတို့စီမံခန့်ခွဲမှုဖြင့် Ownership စိတ်ဓာတ်ကိန်းအောင်လာအောင် လေ့ကျင့်သင်ကြား ပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ ထိရောက်သော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ အတိုင်း ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ဆောင်ရွက်ခြင်း နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းကျောင်း (ဟင်္သာတ) ရှိ လက်ရှိဖွင့်လှစ်နေသည့် သင်တန်းများအပြင် သင်တန်းကျောင်းနှင့် ပတ်သက်၍ Monitoring and Evaluation Workshop (၁) ခုပြုလုပ်၍ ပြန်လည်ဆန်းစစ် သုံးသပ်ကာ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရန်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင် ရေးနှင့် လူကုန်ကူးခံရသူများ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ဆံ့ ပေါင်းစည်းနိုင်ရေး အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြန်လည်ထူထောင်ရေး ဦးစီးဌာန၏ ဖွဲ့စည်းပုံကို ထပ်မံတိုးချဲ့ ခွင့်ပြုခဲ့ပြီးဖြစ်သည့်အတွက် လုပ်ငန်းများ ပိုမိုထိရောက်ကျယ် ပြန့်စွာ ဆောင်ရွက်သွားနိုင်တော့မည်ဖြစ်ကြောင်း ယခုအစည်းအဝေးတွင် အဆိုပါ လုပ်ငန်းများအားလုံး ပေါက်မြောက်အောင်မြင်အောင် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်အလိုက် ကာလသတ်မှတ်ချက် (Time Frame) ချမှတ်အတည်ပြုပြီး လစဉ်တိုးတက်မှုအခြေအနေနှင့် ညှိနှိုင်းသုံးသပ်ခြင်းများ ဆက်လက်ဆောင်ရွက်သွား နိုင်မည် ဖြစ်ကြောင်း   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံး အမှတ် ၂၃ တွင် ယနေ့ကျင်းပပြုလုပ်ခဲ့သည့်  လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုဝန်ထမ်းလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက်ဝန်ကြီးဌာန၏ လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ဆွေးနွေးမှာကြားခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ကြီးရုံးမှဌာနခွဲများမှ လက်ထောက် အတွင်းဝန်များ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ ဌာနတာဝန်ခံညွှန်ကြားရေးမှူးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ကာလ သက်မှတ်ချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်း တင်ပြခဲ့ရာ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ပြီး တင်ပြချက် တစ်ချက်ချင်းအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့  ဝန်ကြီးရုံးနှင့် ဦးစီးဌာန (ရုံးချုပ်)မှ တာဝန်ရှိသူများက In Person တက်ရောက်ခြင်းဖြင့်လည်းကောင်း၊ တိုင်း ဒေသကြီး/ ပြည်နယ်အဆင့်နှင့်ခရိုင်အဆင့် တာဝန်ရှိသူများက Virtual ပုံစံဖြင့်လည်းကောင်း ပါဝင်တက်ရောက်ခဲ့ပြီး အစည်းအဝေးကို ညနေပိုင်းတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter