တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ၍ လွှဲပြောင်းပေးအပ်သည့်လှူဒါန်းငွေလက်ခံရယူ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Chen Hai အား လက်ခံတွေ့ဆုံ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရက လှူဒါန်းသော အမေရိကန်ဒေါ်လာ (၃) သိန်းအား လက်ခံရယူပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ နှစ်နိုင်ငံသည် ရှည်လျားသည့် နယ်နိမိတ်ထိစပ်မှုရှိပြီး သမိုင်းတစ်လျှောက်မှာလည်း ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးရှိပါကြောင်း၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ပြီး အိမ်နီးချင်းမိတ်ဆွေကောင်းများလည်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝဘေးတုံ့ပြန်ရေး လုပ်ငန်းများတွင် တရုတ်နိုင်ငံရဲ့ကူညီဆောင်ရွက်ပေးနေမှုများအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ လတ်တလောတွင်လည်း မဲခေါင်-လန်ချမ်း အစီအစဉ်၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ရှမ်းပြည်နယ်အတွင်း မြို့နယ်(၅) ခုမှာ ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံ နှင့် သဘာဝဘေးအသိပညာပေးစင်တာများ တည်ဆောက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်ပြည်သူလူထုလွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုး တက်ရေးနှင့် သဘာဝဘေးကို ကြံ့ကြံ့ခံရင်ဆိုင် တုံ့ပြန်နိုင်စွမ်းရှိတဲ့ လူ့အသိုက်အဝိုင်းဖြစ်ပေါ်စေရေး လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုလက်ခံရရှိတဲ့လှူဒါန်းငွေကိုလည်း ကချင်ပြည်နယ်အတွင်းရှိ IDPs စခန်းများမှအမျိုးသမီးဦးဆောင်သော အိမ်ထောင်စုများကို သက်မွေးပညာရပ်များ သင်ကြားပေးပြီး မတည်ရင်းနှီးငွေပေးအပ်ခြင်း၊ သဘာဝဘေးနှင့်ပတ်သက်၍ မြန်မာ့သဘာဝဘေးတုံ့ပြန်ရေးအဖွဲ့များကို သင်တန်းပေးဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်အတွင်းရှိမြို့နယ်များမှ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား နေပြည်တော်တွင်သင်တန်းဖွင့်လှစ်ပို့ချပေးခြင်း၊ မြစ်ကြီးနားမြို့၊ ငွေပျော်စံပြကျေးရွာရှိ မူလတန်းကြိုကျောင်း အားကစားကွင်းဆောက်လုပ်ပေးခြင်း စသည့်လုပ်ငန်းများတွင် အသုံးပြုသွားရန် လျာထားပါကြောင်း၊ရှေ့လုပ်ငန်းစဉ်များတွင်လည်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ လူမှုသဟဇာတဖြစ်ရေးလုပ်ငန်းများ၊ နေပြည်တော်တွင် လူမှုရေးပညာတက္ကသိုလ် တည်ထောင်ဖွင့်လှစ်နိုင်ရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးအရင်းအမြစ် ဗဟိုဌာန တည်ထောင်ဖွင့်လှစ်နိုင်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားပါသည်။

          မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးက တရုတ်နိုင်ငံအစိုးရကိုယ်စား လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အတွက်  အမေရိကန်ဒေါ်လာ (၃) သိန်း လွှဲပြောင်းပေးအပ်လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ ယခုလှူဒါန်းမှုသည် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုများအတွက် နှစ်စဉ်အမေရိကန်ဒေါ်လာ (၁) သန်းလှူဒါန်းမှုရဲ့ အစိတ်အပိုင်းဖြစ်ပြီး ယခုအကြိမ်သည် (၆) ကြိမ်မြောက်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး၊ လူသားချင်းစာနာထောက်ထားရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်မြန်မာနိုင်ငံမြောက်ပိုင်းရှိနေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များတွင် အထောက်အကူပြုနိုင်ရန်ဖြစ်ကြောင်း၊ လှူဒါန်းငွေအပေါ် ဝန်ကြီးဌာနအနေဖြင့် စီမံခန့်ခွဲဆောင်ရွက်နိုင်ပါကြောင်း၊ ဝန်ကြီးဌာနက စီမံလျာထားသည့်လုပ်ငန်းစဉ်(၃)ရပ်မှာ သင့်လျော်မှုရှိပါကြောင်းပြောကြားပါသည်။ 

          ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က မိမိတို့ဝန်ကြီးဌာနသည် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများကိုအဓိကဆောင်ရွက်လျက်ရှိပြီး ယခုလှူဒါန်းငွေကိုလည်းအကျိုးရှိရှိထိထိရောက်ရောက် အသုံးပြုသွားမှာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လူမှုရေးပညာတက္ကသိုလ်တည်ထောင်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ လိုအပ်သောနည်းပညာများကို လေ့လာရယူလိုပါကြောင်းနှင့် လှူဒါန်းမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။

          ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးမှ  လွှဲပြောင်းပေးအပ်လှူဒါန်းသော အမေရိကန်ဒေါ်လာ(၃)သိန်းအား ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

FacebookTwitter