ပြည်ထောင်စုဝန်ကြီး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ တိုက်ပွဲရှောင်နေရာများသွားရောက်ကြည့်ရှုခြင်း၊ ဘတ်ဂျက်အတွက်လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ ပရဟိတဂေဟာ/ရိပ်သာများအားထောက်ပံ့ခြင်း၊ မြစ်ကြီးနားမြို့ ရှိ ရုံး/ဌာန/သင်တန်းကျောင်းများအားကြည့်ရှုစစ်ဆေး

    ကချင်ပြည်နယ်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယခုလ(၁၅)ရက်နေ့ နံနက်ပိုင်းတွင်  ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သောတာဝန်ရှိသူများ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် က ပြည်နယ်အတွင်း ဝန်ကြီးဌာနနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသည့် ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့် ကူညီထောက်ပံ့ရေး ဆောင်ရွက်နေမှုအခြေအနေများကိုရှင်းလင်းဆွေးနွေးကာ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လူမှုဝန်ထမ်းလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ကာ ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လိုအပ်ချက်များကို ပြည်နယ်အဆင့် တာဝန်ရှိသူများကတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

       ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဝိုင်းမော်မြို့နယ်ရှိ မိုင်းနားဖွံ့ဖြိုးရေးခြံ (KBC)တိုက်ပွဲရှောင်စခန်းနှင့် မိုင်းနားစိန့်ဂျိုးဇက် (RC) တိုက်ပွဲရှောင်စခန်းများသို့ရောက်ရှိခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လက်တလောကာလအတွင်း လူစုလူဝေးဖြင့် စုစည်းနေထိုင်ကြသည့် ယာယီတိုက်ပွဲရှောင်နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံမှုထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးရန်လိုအပ်ပါကြောင်း ယာယီနေရာများတွင် နေထိုင်ရသည့်အချိန်ကြာမြင့်လာမှုသည် ကလေးသူငယ်များ၏အခွင့်အရေးများကို အကောင်းဆုံးဖော်ဆောင်ပေးရာတွင် စိန်ခေါ်မှုများ များပြားလာနိုင်ပါကြောင်း၊ နိုင်ငံတော်မှစားနပ်ရိက္ခာထောက်ပံ့မှုများပေးနေသော်လည်း ရေရှည်တွင် အမှီအခိုကင်းကင်းဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များတွင် နိုင်ငံတော်မှမူဝါဒများ၊ စီမံချက်များချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသလို မိမိတို့ကိုယ်တိုင်ဆန္ဒဖြင့်လည်း ကြိုးပမ်းအားထုတ်ပူးပေါင်းပါဝင်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လိုအပ်ချက်များကို အတတ်နိုင်ဆုံး ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပဋိပက္ခများကြောင့် ယာယီခိုလှုံရာနေရာများ ပေါ်ပေါက်လာခဲ့မှုအခြေအနေများနှင့် နေရပ်ပြန်နိုင်ရေးဆောင်ရွက်ခဲ့မှု ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးကာ အားပေးစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ စခန်းတာဝန်ခံများက လိုအပ်ချက်များကိုတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

      ဆက်လက်၍ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ မြစ်ကြီးနာမြို့ မြို့သစ်ကြီးရပ်ကွက်အေးမြသာယာအဆင့်မြင့်‌ဈေး၏ Night Market ဖွင့်ပွဲအစီအစဉ်သို့တက်ရောက်ခဲ့ပြီး မဉ္ဇူသာကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများနှင့်အတူ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အဆင့်မြင့်ဈေး၏ Night Market အတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပါသည်။

      အလားတူ ၂၀၂၁-၂၀၂၂ (၆) လ ဘတ်ဂျက်အတွက် ကချင်ပြည်နယ်အတွင်းရှိ အသက် (၈၅) နှစ် အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းပရဟိတဂေဟာများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအား ထောက်ပံ့ခြင်းနှင့် ယာယီခိုလှုံရာနေရာမှ  ပြန်လည်ပြောင်းရွှေ့သည့် တိုက်ပွဲရှောင်ပြည်သူများ အတွက်ထောက်ပံ့ခြင်းအခမ်းအနားကို  မနေ့ကမနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များနှင့် အကျိုးခံစားခွင့်ရှိသူပုဂ္ဂိုလ်များ Social Distancing ပုံစံဖြင့် တက်ရောက်ခဲ့ပါသည်။

      အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ မိမိတို့ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုဝန်ထမ်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရပ်ရွာအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များမှ တည်ထောင်ဖွင့်လှစ်ထားသော ဂေဟာ/ရိပ်သာများအား သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီတည်ထောင်ခွင့်ပြုမိန့်များပေးအပ်ခြင်း၊ ထောက်ပံ့ကြေးများပေးအပ်ခြင်းနှင့် လိုအပ်သောနည်းပညာအကူအညီများပေးခြင်းနှင့် ကြီးကြပ်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများတည်ထောင်ခွင့်ပြုမိန့်မှတ်ပုံတင်ခြင်းနှင့် ထောက်ပံ့ရေးလုပ်ငန်းလမ်းညွှန်နှင့် ဂေဟာသင်တန်းကျောင်းများတွင် အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် အကာကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများကိုလည်း ၂၀၁၇ခုနှစ်တွင် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ စေတနာ၊ သဒ္ဒါတရားထက်သန်စွာဖြင့် ရပ်ရွာအတွင်း ဂေဟာ/ရိပ်သာများကို ကိုယ့်အားကိုယ်ကိုး၍ ဖွဲ့စည်းတည်ထောင်ခဲ့ကြခြင်းဖြစ်သည့်အတွက် နိုင်ငံတော်အနေဖြင့် အဆိုပါ စေတနာ့ဝန်ထမ်းဆောင်ရွက်သောအဖွဲ့အစည်း ပုဂ္ဂိုလ်များ၏ လူမှုရေးစိတ်ဓာတ်ကို အသိအမှတ်ပြု ဂုဏ်ယူသည့်အနေဖြင့်လည်းကောင်း၊ ဂေဟာ/ ရိပ်သာများတွင် စောင့်ရှောက်ထားသူများ၏  လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်ရည်ရွယ်၍လည်းကောင်း၊ နိုင်ငံတော်ဘတ်ဂျက်ရရှိမှုပေါ်မူတည်၍ ယခုကဲ့သို့ ဂေဟာ/ရိပ်သာများ၏ လိုအပ်ချက် တစ်စိတ်တစ်ဒေသကို ပံ့ပိုးကူညီခြင်းဖြစ်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ကချင်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သော လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ(၁၂) ခု၊ မသန်စွမ်းဂေဟာ (၁) ခု နှင့် ဘိုးဘွားရိပ်သာ (၁) ခုတို့အတွက်  ထောက်ပံ့ငွေ ကျပ်(၄၃,၄၀၃,၀၀၀)၊ အသက် (၈၅) နှစ် နှင့်အထက် ဘိုးဘွား (၄,၈၄၀) ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ ကျပ်(၁၄၅,၂၀၀,၀၀၀)၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများသို့ထောက်ပံ့ငွေ ကျပ်(၁၅,၉၁၀,၀၀၀)၊ ပူတာအိုမြို့၊ ဒုတ်ထာရပ်ကွက်နှင့်လုံးစွတ်ရပ်ကွက်ရှိ (IDP) စခန်းမှဇီဒမ်းကျေးရွာနှင့်ဒုတ်ထာရပ်ကွက်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စု (၈၈) စုအတွက် ပြောင်းရွှေ့စရိတ်၊ စားနပ်ရိက္ခာ (၁) လစာထောက်ပံ့ငွေ ကျပ် (၁၇,၃၇၈,၀၀၀)၊ စုစုပေါင်းထောက်ပံ့ငွေ ကျပ်(၂၂၁,၈၉၁,၀၀၀)(ကျပ်နှစ်ထောင့်နှစ်ရာတစ်ဆယ့်ရှစ်သိန်းကိုးသောင်းတစ်ထောင်ကျပ်တိတိ)တို့ကို ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဆောင်သော တာဝန်ရှိသူများထံသို့အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသူများ ကိုယ်စားတာဝန်ရှိသူတစ်ဦးက‌  ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာကြသည့် ဘိုးဘွားများနှင့် အကျိုးခံစားခွင့်ရှိသူ ပုဂ္ဂိုလ်များထံ ထောက်ပံ့ငွေများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ပြည်နယ်လူမှုရေးဝန်ကြီးလိုက်ပါလျက်  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး သိုလှောင်ရုံအားစစ်ဆေးခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(မြစ်ကြီးနား) သို့ ရောက်ရှိပြီး စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းဖွင့်လှစ်နေမှုနှင့် သင်တန်းသားများအား တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ဤသင်တန်းတွင်တက်ရောက်နေသော သင်တန်းသားများအနေဖြင့် ကြုံဖူးသောအမှားကိုထပ်မံမှားယွင်းမှုမဖြစ်စေရန် အလွန်အရေးကြီးပြီး မိမိတို့၏မိသားစုနှင့်ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်ရန်လိုပါကြောင်း၊ သင်တန်းကာလအတွင်း သတ်မှတ်အချိန်ဇယားအတိုင်းဆောင်ရွက်ရပြီး အလေ့အကျင့်ကောင်းများ ရရှိသွားမည်ဖြစ်ကြောင်း၊ ကိုယ်စိတ်နှစ်ပါး ကျန်းမာပျော်ရွင်စွာနေထိုင်နိုင်ရန် အားကစားနှင့်အနုပညာသည်အရေးကြီးပါကြောင်း၊ သင်တန်းတွင်ပို့ချသည့် သက်မွေးပညာရပ်များ ကို စိတ်ဝင်တစားသင်ယူကာ အလုပ်ကြိုးစားလိုစိတ်နှင့်ဝီရိယကောင်းမွန်မှုနှင့်အတူ ခိုင်မာသောသန္နိဌာန်ဖြင့်ဆောင်ရွက်ရန်တိုက်တွန်းမှာကြားခဲ့ပါသည်။ ဆက်လက်၍ စခန်းတာဝန်ခံနှင့် တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များအားပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (မြစ်ကြီးနား) သို့ရောက်ရှိခဲ့ပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများဖွင့်လှစ်နိုင်မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ အမှတ်(၁) မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်သည့် ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ပတ်သက်၍အောင်မြင်မှုများရရှိစေရေး ကိုယ်စီတာဝန်များကျေပွန်စွာ ထမ်းဆောင်နိုင်ရေးမှာအလွန်အရေးကြီးသည်ဖြစ်ရာ မိမိတို့ဆောင်ရွက်ရသည့်အလုပ်မှာ လူမှုဒုက္ခနှင့် ဘေးဒုက္ခအမျိုးမျိုးကြုံတွေ့ခံစားရသူများကို အကူအညီပေးရခြင်း ဖြစ်သည့်အတွက် တာဝန်များထမ်းဆောင်ရာတွင်ဂုဏ်ယူတက်ကြွစွာဆောင်ရွက်စေလိုကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးစီမံဦးစီးဌာနပြည်နယ်ဦးစီးမှူးများကပြည်နယ်အတွင်း ဆောင်ရွက်နေမှုအခြေအနေများနှင့်ဝန်ထမ်းများက တင်ပြလိုသည့်အချက်များကိုဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်ချက်များအားပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

FacebookTwitter