ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ ပုသိမ်ကြီးလူငယ်သင်တန်းကျောင်း၊ မန္တလေးလူငယ်သင်တန်းကျောင်း၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (မန္တလေး) နှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန (မန္တလေး) တို့အား ကြည့်ရှုစစ်ဆေး

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးလိုက်ပါလျက် (၂၁-၅-၂၀၂၂) ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် အင်ကျယ်ကျေးရွာရှိ ပုသိမ်ကြီးလူငယ်သင်တန်းကျောင်းသို့ရောက်ရှိကြရာ တာဝန်ခံကျောင်းအုပ်က သင်တန်းကျောင်းအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် လူမှုရေးဒုက္ခနှင့်ကြုံတွေ့ရပြီး နိုင်ငံတော်မှစောင့်ရှောက်ရန်လိုအပ်သည့် ကလေးများနှင့် ကလေးသူငယ်တရားရုံးမှ ပို့အပ်လာသောကလေးသူငယ်များကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လေ့ကျင့်ပြုစုပျိုးထောင်ပေးနေမှု အခြေအနေများကိုရှင်းလင်းတင်ပြခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုအပ်ချက်များအား ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ကလေးသူငယ်များအား သင်တန်းကျောင်း၏ ရည်ရွယ်ချက်များနှင့်အညီ အမှန်တကယ် သင်ယူတက်မြောက်မှု ရှိ/ မရှိနှင့် အကျိုးပြုနိုင်သည့် လူစွမ်းအားအရင်း အမြစ်များအဖြစ် မွေးထုတ်ပေးနိုင်မှုအခြေအနေကို ဆန်းစစ်အကဲဖြတ်နိုင်မည့် သတ်မှတ်ချက်ပုံစံများထားရှိရမည်ဖြစ်ကြောင်း၊ လူငယ်သင်တန်းကျောင်းများတွင် သင်တန်းသားများ စည်းကမ်းတကျရှိစေရေး၊ အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်များမဖြစ်ပွားစေရေး သင်တန်းကျောင်းလက်စွဲပါ ပြဌာန်းချက်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်နိုင်ရေး သက်ဆိုင်သူများပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကျင်းပနိုင်ရေး၊ ကျောင်းသားများအားကစားအတွက် ဖူဆယ်ဘောလုံးကွင်း တည်ဆောက်ပေးနိုင်ရေး၊ လုံခြုံရေးအတွက် သင်တန်းကျောင်းမြေဧရိယာကို ခြံစည်းရိုးကာရံနိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းကျောင်းအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ အိမ်တွင်းမှုလုပ်ငန်းများ သင်ယူပို့ချပေးနေမှုအခြေအနေများ၊ စာတတ်မြောက်နိုင်ရေး သင်ယူပို့ချပေးနေမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး သင်တန်းသားများအား တွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ပါသည်။

     ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် အောင်မြေသာစံမြို့နယ်ရှိ မန္တလေးလူငယ်သင်တန်းကျောင်းသို့ရောက်ရှိကြရာ တာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူးက သင်တန်းကျောင်းရှိ ဝင်ဆံ့အင်အား၊ လက်ခံထားရှိမှုအခြေအနေနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပို့ချပေးနေမှုအခြေအနေများ၊ သင်တန်းကျောင်းလက်စွဲပါပြဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုအပ်ချက်များအားဖြည့်စွက် ဆွေးနွေးတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းအဆောင်များတွင် တာဝန်ယူလုပ်ဆောင်နေရသော ဝန်ထမ်းများတွေ့ကြုံရသည့် အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးမေးမြန်းခဲ့ပြီး လုံခြုံရေးလျော့နည်းမှုမဖြစ်စေရေး အင်အားထပ်မံဖြည့်တင်းပေးနိုင်ရေး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် အမှန်တကယ်စိတ်ပါဝင်စားစွာ သင်ယူလုပ်ကိုင်ခြင်းဖြင့် သင်တန်းသားများအတွက် ပညာရပ်၊ ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ ကျောင်းပြင်ပ ပညာရေးအတွက် တက်ကြွစွာ သင်ယူတက်မြောက်နိုင်ရေး၊ ကျန်းမာရေးနှင့် အုပ်ချုပ်မှုကိစ္စရပ်များအတွက် လိုအပ်ချက်များအား ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းကျောင်းအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ သင်ယူပို့ချပေးနေမှုအခြေအနေများ၊ သင်တန်းသားများ၏ စားသောက်နေထိုင်မှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး သင်တန်းသားများအား တွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ပါသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးလူမှုရေးဝန်ကြီး လိုက်ပါလျက် အောင်မြေသာစံမြို့နယ်ရှိ မသန်စွမ်းသင်ငယ်သင်တန်းကျောင်းသို့ ရောက်ရှိကြရာ တာဝန်ခံကျောင်းအုပ်က မသန်စွမ်းကလေးငယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးနေမှုအခြေအနေများ၊ လက်မှုပစ္စည်းများခင်းကျင်းပြသထားမှု အခြေအနေများ၊ သင်တန်းကျောင်းရှိ မျိုးဆက်သစ် ကဖီးနှင့် အအေးဆိုင် သရုပ်ပြဖွင့်လှစ်၍ ဦးဆောင်သင်ပြပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းမှ ထွက်ရှိသည့် လက်မှုပစ္စည်းများ ဈေးကွက်ဝင်စေရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန်နှင့် သင်တန်းကျောင်းအတွက် ဖြည့်ဆည်းပေးရမည့်အချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး လိုက်ပါလျက် ချမ်းအေးသာစံမြို့နယ်ရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနမှ သင်တန်းသူများ သင်ယူလေ့ကျင့်ဖွင့်လှစ်ထားရှိသည့် ခရေရိပ် အလှပြုပြင်ဆိုင်သို့ရောက်ရှိကြပြီး သင်တန်းသူများ သင်ယူလုပ်ကိုင်နေမှုအခြေအနေများကို လေ့လာခဲ့ကာ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနအတွင်း အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ယူနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းကျောင်းမှ ပို့ချပေးနေသည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များအားလုံးကို အမှန်တကယ် တတ်မြောက်ကျွမ်းကျင်အသုံးချနိုင်ရေး လေ့ကျင့်သင်ကြားထားရှိရန် လမ်းညွှန်မှာကြား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter