ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကျောက်ဖြူ၊ ရမ်းဗြဲနှင့် မအီမြို့များ အတွင်းရှိ မိခင်များ၊ ကလေးများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့မှုများ ပေးအပ်

ဖေဖော်ဝါရီ ၉၊ မအီ
    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ် ကျောက်ဖြူ၊  ရမ်းဗြဲနှင့် မအီမြို့များ အတွင်းရှိ မိခင်များ၊ ကလေးများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့မှု ပေးအပ်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဝန်ကြီးဌာန တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့မှ မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ရောက်ရှိကြရာ ရခိုင်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် တာဝန်ရှိသူများက အဆိုပါလေဆိပ်၌ ကြိုဆိုခဲ့ကြပါသည်။
 ထို့နောက် ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမ၌ကျင်းပသော စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့်မိခင်ဝိုင်းများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကြပြီး ကျောက်ဖြူဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ငွေကျပ် (၁,၁၃၄,၀၀၀)၊ စေတီတောင်ပရဟိတဂေဟာအတွက် ထောက်ပံ့ငွေကျပ်(၉,၇၅၃,၀၀၀) ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအတွက် တစ်ကျောင်းလျှင် ထောက်ပံ့ငွေကျပ် (၇၀၀,၀၀၀) စီဖြင့် စုစုပေါင်းငွေကျပ်(၇,၇၀၀,၀၀၀)၊ မာန်အောင်မြို့နယ်သာရေးနာရေးအသင်း၊ လေးဝတီကုလ ရက္ခိတအသင်း၊ ခုနှစ်စဉ်ကြယ်နာရေးကူညီမှုအသင်း၊ ရက္ခိတရင်ခွင်သာရေး နာရေးကူညီမှု အသင်း၊ မရဇိုင်းကျွန်း၊ အမှတ်(၈)တိုက်နယ်၊ ဒေသဖွံ့ဖြိုးရေးအထောက်အကူပြုအသင်း၊ ဓူဝံကြယ်နာရေးကူညီမှုအသင်း၊ ရက္ခသန္တာမြီ ပရဟိတလူမှုကူညီရေးအသင်း၊ ပါရမီရှင် ပရဟိတဖောင်ဒေးရှင်း လူမှုကူညီရေးအသင်း၊ အနာဂတ်အလင်းရောင်လူမှုကူညီရေး အသင်း၊ ဘနုအောင်ကျန်းမာရေးလူမှုကူညီရေးအသင်း၊ ဝန်ထမ်းပေါင်းစုံပင်စင်စားများ အသင်း၊ မေတ္တာမွန်ပညာဒါနပရဟိတအသင်း၊ ကျောက်ဖြူသွေးလှူရှင်များအသင်း၊ သန္တာမြေဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၊ ပုညကာရီအသင်း၊ ဖြောင့်မတ်သူလူမှုဖွံ့ဖြိုးရေး အသင်း၊ တောင်သူလယ်သမား လူမှုဖွံ့ဖြိုးရေးအသင်း၊ တော်ဝင်သဇင်သာရေးနာရေး အသင်းတို့အတွက် (၁)သင်းလျှင် ထောက်ပံ့ငွေကျပ် (၃၀၀,၀၀၀) စီ၊ မိခင်ဝိုင်း(၃)ဝိုင်း ဖွင့်လှစ်ရန်အတွက် ထောက်ပံ့ငွေကျပ် (၁,၈၁၈,၁၀၀) တို့ကို အသီးသီးပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူကြပြီး မြို့မိမြို့ဖ တစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ ကလေးငယ်များ ငယ်ရွယ်စဉ်ကပင် အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်း အလေ့အထ ကောင်းများရရှိစေရန် သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်ပေးခဲ့ကြပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဖြူမြို့၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးသို့ရောက်ရှိပြီး ဘေးဖြစ်ပွားပါက အလျင်အမြန် တုံ့ပြန်နိုင်ရန် ကယ်ဆယ်ရေးပစ္စည်းများ အသင့်သိုလှောင်ထားရှိမှု အခြေအနေကို ကြည့်ရှုခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရမ်းဗြဲမြို့သို့ ရောက်ရှိကြပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသော ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားတွင်  ရမ်းဗြဲမြို့နယ်အတွင်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၇၀၀,၀၀၀)၊ ရမ်းဗြဲမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အတွက် ထောက်ပံ့ငွေကျပ် (၃၀၀,၀၀၀)၊ ရမ္မာဝတီ အခမဲ့နာရေးကူညီမှုအသင်းအတွက် ထောက်ပံ့ငွေကျပ် (၃၀၀,၀၀၀)၊ ကျောက်တွေ လူမှုကူညီရေးအသင်းအတွက် ထောက်ပံ့ငွေကျပ် (၃၀၀,၀၀၀)နှင့် မိခင်ဝိုင်း (၅)ဝိုင်းအတွက် ထောက်ပံ့ငွေကျပ် (၃,၂၁၈,၁၀၀)တို့ကို တာဝန်ရှိသူများထံသို့အသီးသီး ထောက်ပံ့ပေးအပ် ခဲ့ပြီး ကလေးငယ်များ၊ မိခင်ဝိုင်းခေါင်းဆောင်များနှင့်အတူ မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြပြီး မြို့မိမြို့ဖတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
    မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မအီမြို့သို့ရောက်ရှိပြီး မအီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မအီမြို့ အမှတ်(၂)ရပ်ကွက် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းနှင့်  မေ့ဘေဘီ ကိုယ့်အားကိုယ်ကိုးမူလတန်း ကြိုကျောင်းများအတွက် တစ်ကျောင်းလျှင်ထောက်ပံ့ငွေ ကျပ်(၇၀၀,၀၀၀)၊  သဟာရက လူမှုရေးအသင်း၊ မေတ္တာရှင်လူမှုရေးအသင်းတို့အတွက် ထောက်ပံ့ငွေကျပ် (၆၀၀,၀၀၀)နှင့် မိခင်ဝိုင်း(၅)ဝိုင်းအတွက် ထောက်ပံ့ငွေကျပ် (၃,၂၁၈,၁၀၀) တို့ကို အသီးသီးပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူကြပြီး ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။ ထို့နောက် မိခင်ဝိုင်းခေါင်းဆောင်များနှင့်ကလေးသူငယ်များ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။
    အဆိုပါ ထောက်ပံ့မှုပေးအပ်ပွဲအခမ်းအနားများတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားရာ၌ နိုင်ငံတော်အစိုးရက ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖေါ်ရေး ဗဟိုကော်မတီကို လုပ်ငန်းကော်မတီ (၄)ရပ်ဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ဒေသတွင်း ပြန်လည် နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အကောင်အထည်ဖေါ် ဆောင်ရွက်နေပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း ပြည်သူတစ်ဦးချင်စီ၏ ရပ်တည်မှုဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ကိုယ်ဝန်ဆောင်ချိန်မှစ၍ ကလေးငယ်များ၊ အမျိုးသမီးငယ်များ၊ အမျိုးသမီးများ၊ လူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဖြင့် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ အညွှန်းကိန်းများအရ ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးမှုနောက်ကျနေသည့် အတွက် လူမှုဖွံ့ဖြိုးရေး ဦးစားပေးကဏ္ဍအနေဖြင့် ကိုယ်ဝန်ဆောင်နှင့် ၎င်းမှမွေးဖွားသော ကလေးအသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့သည့်အစီအစဉ်နှင့်အတူ တစ်ကိုယ်ရည် သန့်ရှင်းရေးပညာပေး၊ အာဟာရပညာပေးနှင့် မိသားစုစီမံကိန်းပညာပေးသည့် အစီအစဉ် များဖြင့် ပြည်နယ်တစ်ခုလုံးကို ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် စောင့်ရှောက်ရေးနည်းလမ်းများဖြင့်လည်း မိခင်ဝိုင်းများဖွင့်လှစ်၍ ၎င်းကလေးငယ်များ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုများရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းများ အတွက် ရခိုင်ပြည်နယ်တစ်ခုလုံးအတွက် ကနဦးထောက်ပံ့ပေးထားပြီးဖြစ်ကြောင်း၊ မသန်စွမ်းအဆင့်သတ်မှတ်ပြီး စွမ်းနိုင်သည့်အဆင့်အလိုက် အလုပ်အကိုင်အခွင့်အလမ်း များဖေါ်ဆောင်ပေးနိုင်ရန် မဟာဗျူဟာရေးဆွဲထားပြီး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လူမှုရေးပင်စင်များအတွက်လည်း ရခိုင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများအနေဖြင့် ဘက်စုံသုံးဘေးဒဏ်ခံအဆောက်အဦ (၂၆)လုံးကို ရခိုင်ပြည်နယ်တွင် တည်ဆောက်ပေးထားပြီဖြစ်ကြောင်း၊ လတ်တလောဖြစ်ပွားသော တိုက်ပွဲရှောင်ပြည်သူများ အတွက်လည်း ရရှိသောစာရင်းများအရ ထောက်ပံ့မှုများ အပြည့်အဝ ပေးလျက်ရှိပြီး လိုအပ်ချက်အရ ပြည့်စုံအောင် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ တိုက်ပွဲရှောင် ဒေသခံပြည်သူများနှင့်ပတ်သက်၍ အလေးအနက်အာရုံထားပြီး ဆောင်ရွက်လျက်ရှိရာ လိုအပ်ချက်များရှိပါက အချိန်မဆိုင်းဘဲ ဝန်ကြီးဌာန၏ (၂၄)နာရီ အရေးပေါ်ဖုန်းနံပါတ်များ ဖြစ်သော ၀၆၇ ၃၄၀၄၆၆၆၊ ၀၆၇ ၃၄၀၄၇၇၇ များကိုဆက်သွယ် အကူအညီတောင်းခံ နိုင်ပါကြောင်းနှင့် စစ်မှန်သည့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် ပြည်သူ၊ ပြည်သားများအားလုံး အခွင့်အရေးများ သာတူညီမျှခံစားရရှိစေရန်အတွက် ပြည်ထောင်စုစိတ်ဓါတ်အခြေခံဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ အားလုံးညီညွှတ်စွာ ပူးပေါင်း ပါဝင်ကြစေလိုကြောင်း၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းမှုသည် မဖြစ်မနေလိုအပ်သည့်အတွက် တည်ငြိမ်အေးချမ်းမှုရရှိရန် ဒေသခံပြည်သူများ ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မအီမြို့၊ ရတနာ့မာန်အောင် တောရကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတိုက်ရှိဘုန်းတော်ကြီးများအား ဖူးမျှော်၍ သင်္ကန်းနှင့် အလှူငွေများ လှူဒါန်းကြပြီး လောကမဉ္ဖူစေတီတော်မြတ်အား သွားရောက် ဖူးမျှော်ကြည်ညိုခဲ့ကြပါသည်။
    ယနေ့ ကျောက်ဖြူမြို့၊ ရမ်းဗြဲမြို့နှင့် မအီမြို့များအတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် မိခင်ဝိုင်းများအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၃၅,၈၄၁,၃၀၀) ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

 

FacebookTwitter