ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မသန်စွမ်းသူများ မိခင်ဝိုင်းများ နှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား အားပေးထောက်ပံ့

ဖေဖော်ဝါရီ ၁၇၊ မုံရွာ
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် မိခင်ဝိုင်းများအား ထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ရောင်ခြည်သစ်ပရဟိတ မျက်မမြင်ပညာသင်ကျောင်းသို့ ရောက်ရှိကြပြီး ကျောင်းအုပ်ချုပ်သူ/ အလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ အခြေခံပညာ၊ ဂီတပညာ၊ အနှိပ်အကြောပြင် ကျောင်းသားများနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသားများ၏ ကွန်ပြူတာသင်ကြားတတ်မြောက်မှု၊ အနှိပ်အကြောပြင်  ပြသမှု၊ မျက်မမြင်လက်စမ်းစာ အရေး/အဖတ် တတ်မြောက်မှု၊ ဂီတပညာသင် ကျောင်းသားများ၏ အဆို၊ အတီးများဖြင့် တင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး အလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင် များထံသို့ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မုံရွာမြို့၊ မြသလ္လာခန်းမ၌ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် မိခင်ဝိုင်းများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲသို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ပြည်သူတို့၏လိုအပ်ချက်များကို ဖော်ထုတ်ပြီး  အမှန်တကယ် အကျိုးရှိစေမည့် တရားသောဥပဒေများ ဖော်ဆောင်ပြဌာန်းပေးနိုင်ရန် ပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများတွင်လည်း ဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရန် ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေကို ရေးဆွဲထားပြီး လွှတ်တော်၌ မကြာမီ အတည်ပြုနိုင်မည်ဖြစ်ကြောင်း၊ လူငယ်မူဝါဒကိုရေးဆွဲပြီး အကောင်အထည်ဖော်ရန် လုပ်ငန်းစဉ်များ ချမှတ်ပြီးဖြစ်ကြောင်း၊ ဆက်လက်၍ မဟာဗျူဟာရေးဆွဲရန် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကြိုးပမ်းနေပါကြောင်း၊ အမျိုးသမီးများအား အကြမ်းဖက်မှုမှကာကွယ်ရေး ဥပဒေကိုလည်း ရေးဆွဲနေကြောင်း၊ ယနေ့ ထောက်ပံ့မှုတွင်ပါဝင်သော မသန်စွမ်းသူများအတွက် ဥပဒေ၊ နည်းဥပဒေ၊ အမျိုးသားကော်မတီ များ အဆင့်ဆင့်ပေါ်ပေါက်ပြီးဖြစ်၍ လုပ်ငန်းအစီစဉ်များ ချမှတ်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မသန်စွမ်းအဆင့်များ ခွဲခြားပြီးပါက ပိုမိုထိရောက်သော ထောက်ပံ့မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အနာဂတ်အတွက် ကောင်းမွန်သော လူသားအရင်းအမြစ်များ ထွက်ပေါ်လာစေရန် ရှေးဦးအရွယ်မှစ၍ ကလေးသူငယ်များအား စနစ်တကျ ပြုစုစောင့်ရှောက်ရေးအတွက် မိခင်ဝိုင်းများဖွင့်လှစ်ပြီး ပြုစုလေ့ကျင့်ပေးလျက်ရှိပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကိစ္စ များတွင် သဘာဝဘေး စီမံခန့်ခွဲမှုဥပဒေဖြင့် စီမံဆောင်ရွက်လျက်ရှိပြီး ၎င်းဥပဒေကိုလည်း ပြင်ဆင်ရေးဆွဲနေပါကြောင်း၊ မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်း များကိုလည်း မိမိတို့ဝန်ကြီးဌာနက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများဖြင့်အညီ ဆောင်ရွက်ရပါကြောင်း၊ လုပ်ငန်းအကောင်ထည် ဖော်မှုများတွင် နိုင်ငံတော်၏ ဘဏ္ဍာငွေ အကန့်အသတ် ပေါ်မူတည်၍ ပြည်သူများ တိုက်ရိုက်အကျိုးရှိရန် ဦးစားပေးစနစ်၊ စီမံချက်များဖြင့် တစ်နိုင်ငံလုံးအတိုင်းအားဖြင့် လွှမ်းခြုံမိအောင် စဉ်ဆက်မပြတ်ဆောင်ရွက်နေပါကြောင်းနှင့် မိမိတို့ဝန်ကြီးဌာန၏ လုပ်ဆောင်မှုများသည် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ ဆောင်ရွက်ရ သောကြောင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အထူးသဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အရေးကြီး ပါကြောင်းနှင့်  ကျေးဇူးတင်ပါကြောင်း ပြောကြား ခဲ့ပါသည်။
    ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် မိခင်ဝိုင်းများ အား ထောက်ပံ့မှုများလာရောက် ပေးအပ်ခြင်းများအတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူမှုဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ ပါသည်။
    ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူ (၁၁,၆၉၀)ဦးအတွက် ထောက်ပံ့ငွေကျပ် ( ၃၅၀,၇၀၀,၀၀၀) ၊  စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၈၈) ကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၅၉,၆၀၀,၀၀၀)၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ အမျိုးသမီးဂေဟာ၊ ဘိုးဘွားရိပ်သာနှင့် ပရဟိတဂေဟာ (၂၀)ခု တို့အတွက် ထောက်ပံ့ငွေကျပ် (၁၁၉,၃၆၄,၀၀၀)နှင့် မိခင်ဝိုင်း(၅)ဝိုင်း ဖွင့်လှစ်ရန်အတွက် ထောက်ပံ့ငွေကျပ် (၃,၅၂၈,၁၀၀)တို့ကို အသီးသီးပေးအပ်ရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြပါသည်။ ထို့နောက် ကလေးများအား ကစားစရာအရုပ်နှင့် အာဟာရ ပဲနို့များပေးဝေခဲ့ကြပြီး အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်လာကြသော မသန်စွမ်းသူများ အတွက် ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။ ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။
    မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မုံရွာမြို့ မူလတန်းကြိုကျောင်း၌ တိုင်းလူငယ်ရေးရာကော်မတီ အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ လူငယ်မူဝါဒရေးဆွဲအကောင်အထည် ဖော်ဆောင်ရွက်နေမှုနှင့်ပတ်သက်ပြီး မဟာဗျူဟာတစ်ရပ် ပေါ်ပေါက်လာရေး  ပြည်နယ်/ တိုင်းဒေသကြီးအလိုက် ကြိုးပမ်းဆောင်ရွက်မှုများ၊ ဆောင်ရွက်လျက်ရှိသော ကိစ္စရပ်များ၊ ကြုံတွေ့ရသောအခက်အခဲများကို ပူးပေါင်းအဖြေရှာရန် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးနှင့်အတူ ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူငယ်စင်တာ အဖြစ် အသုံးပြူရန် တိုင်းဒေသကြီးအစိုးရက လျာထားသောနေရာသို့ သွားရောက်ကြည့်ရှုခဲ့ကြ ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မုံရွာမြို့မှ စစ်ကိုင်းမြို့သို့ ရောက်ရှိကြပြီး စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ရှိ ရွာထောင်ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား ဂါဝရပြု နှုတ်ဆက်ခဲ့ကြပြီး ဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ရာ ဘိုးဘွားများက ပြန်လည်ဆုတောင်းမေတ္တာပို့သခဲ့ကြပါသည်။
    ယနေ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ၊ မိခင်ဝိုင်းများ၊ ပရဟိတ အဖွဲ့အစည်းများနှင့် ဘိုးဘွားရိပ်သာတို့အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် ( ၅၃၃,၁၉၂,၁၀၀) (ငါးထောင့်သုံးရာသုံးဆယ့်တစ်သိန်း ကိုးသောင်းနှစ်ထောင့်တစ်ရာကျပ်) ဖြစ်ကြောင်း သတင်းရရှိ ပါသည်။

FacebookTwitter