ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မန္တလေးတိုင်းဒေသကြီးအတွင်း လူမှုကာကွယ်စောင့်ရှောက်ရေးထောက်ပံ့ခြင်းနှင့် တိုင်းလူငယ်ရေးရာကော်မတီ အဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်းများမှလူငယ်များနှင့်တွေ့ဆုံ ဆွေးနွေး

မန္တလေး၊ ၁၇.၃.၂၀၁၉
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ မိခင်ဝိုင်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် တိုင်းလူငယ်ရေးရာကော်မတီ အဖွဲ့ဝင်များအပါအဝင် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ လူငယ်အဖွဲ့အစည်းများအား တွေ့ဆုံဆွေးနွေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ တိုင်းဒေသကြီး လွတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ မန္တလေးမြို့၊ ပညာရေးကော်လိပ်၊ ပညာတန်ဆောင် ခန်းမတွင် ကျင်းပသော  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းများ၊ သက်ကြီးရွယ်အိုများ၊ မိခင်ဝိုင်းများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာ အစိုးရအနေဖြင့် ပြည်သူများကို ဗဟိုပြုသည့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ရရှိအောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီး ဌာနအနေဖြင့် နိုင်ငံတော်၏ဦးတည်ချက်ဖြစ်သည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ  ပြည်သူများ တိုက်ရိုက်အကျိုးရှိ စေရန်အတွက် ဖွံ့ဖြိုးမှုအညွှန်းကိန်းများအရ စီမံကိန်းများရေးဆွဲပြီး လူမှုကာကွယ်စောင့်ရှောက် ရေး လုပ်ငန်းများဖြင့် ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီး ငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ၏ ဘဝရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ဦးစားပေးအဆင့်များအလိုက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသောကလေး အသက်(၂) နှစ်အထိ ငွေကြေးထောက်ပံ့ သည့်လုပ်ငန်းကို အာဟာရပညာပေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေး ပညာပေးနှင့် မိသားစုစီမံကိန်း ပညာပေးခြင်းများဖြင့် ချင်း၊ ရခိုင်၊ နာဂ၊ ကရင်နှင့် ကယားပြည်နယ်များ၌ ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံတော်အတွက် စွမ်းရည်ပြည့်ဝသော လူသားအရင်းအမြစ်များ ပေါ်ထွန်းလာရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ရှေးဦးအရွယ်ကလေးသူငယ်များ အတွက် နေ့ကလေးထိန်းလုပ်ငန်းများကို မိခင်ဝိုင်းများ ဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ မိခင်ဝိုင်းများ ရေရှည်တည်တံ့စေရန် မိဘများ၊ မိသားစုဝင်များ၊ လူမှုရေးအဖွဲ့များနှင့် ပြည်သူများက ပူးပေါင်းထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်ပါကြောင်း၊ လူငယ်များအတွက် လူငယ်များကိုယ်တိုင် ပါဝင်ရေးဆွဲထားသော လူငယ်မူဝါဒ ပေါ်ပေါက်ပြီးဖြစ်ရာ မဟာဗျူဟာ ရေးဆွဲနိုင်ရေး ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်နေကြောင်း၊ အမျိုးသမီးငယ်များနှင့် အမျိုးသမီးများ၏ ရပ်တည်မှုအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို နိုင်ငံတော် အဆင့် ဖွဲ့စည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မသန်စွမ်းများကို ကနဦးထောက်ပံ့မှုများ ပေးအပ်လျက်ရှိပါကြောင်း၊ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအတွက် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ဘေးအန္တရာယ်များသည် ဖွံ့ဖြိုးတိုးတက် မှုများကို ယုတ်လျော့သွားစေသည့်အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများနှင့် လိုအပ်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပရဟိတ လူမှုအရေးအဖွဲ့အစည်း များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ တက်ကြွစွာ ပူးပေါင်းပါဝင်မှုများကို ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်းနှင့် အားလုံး၏ပူးပေါင်းပါဝင်မှုအင်အားဖြင့် ဆက်လက် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က မန္တလေးတိုင်းဒေသကြီးအတွင်း၌ လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် ထောက်ပံ့ခြင်းအတွက် ဝမ်းမြောက်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ထားသည့်အခြေအနေနှင့်  မန္တလေးမြို့ကို Smart City အဖြစ် ကြိုးပမ်းဆောင်ရွက် နေမှုတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။
    ဆက်လက်၍ ထောက်ပံ့ငွေများကိုပေးအပ်ရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူ ( ၁၂,၅၆၆) ဦးအတွက် ထောက်ပံ့ငွေကျပ် ( ၃၇၆,၉၈၀,၀၀၀)၊ အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွား (၂၄၄၈၇) ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ်( ၇၃၄,၆၁၀,၀၀၀)၊ ပရဟတိဂေဟာ (၁၇) ခုအတွက် ထောက်ပံ့ငွေကျပ် (၂၃၆,၈၈၆,၀၀၀)၊ စေတနာညကျောင်း (၆) ကျောင်းအတွက်ထောက်ပံ့ငွေကျပ် (၃,၇၆၀,၀၀၀)၊ ဘိုးဘွားရိပ်သာ (၁၃)ခုအတွက် ထောက်ပံ့ငွေ ကျပ်( ၄၇,၇၀၃,၀၀၀)၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၉၁)ကျောင်းအတွက် ထောက်ပံ့ ငွေကျပ် (၆၃,၇၀၀,၀၀၀)၊ အသက်မွေးဝမ်းကြောင်းပညာ သင်ကြားပြီးသော အမျိုးသမီး(၂၀)ဦး အတွက် စုစုပေါင်း ရင်းနှီးမတည်ငွေကျပ် သိန်း(၁၀၀)နှင့် မိခင်ဝိုင်း(၅)ဝိုင်းအတွက် ထောက်ပံ့ငွေကျပ် ( ၃,၅၂၈,၁၀၀)တို့ကို ထောက်ပံ့ပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့က လက်ခံခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာကြသော ကလေးငယ်များအတွက် ကစားစရာအရုပ်များနှင့် အာဟာရမုန့်များကို ပေးဝေခဲ့ကြပြီး စုပေါင်း မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။
ယနေ့ထောက်ပံ့ငွေ စုစုပေါင်းမှာ ကျပ် သိန်းတစ်သောင်း လေးထောင် ခုနှစ်ရာ ခုနှစ်ဆယ့်တစ်သိန်း ခြောက်သောင်း ခုနှစ်ထောင်တစ်ရာ တိတိ ဖြစ်ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ တိုင်းလူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့ဝင် လူငယ်များနှင့်တွေ့ဆုံ၍ အနာဂတ်နိုင်ငံတော်အတွက် စွမ်းရည်ပြည့်ဝသော လူသားအရင်းအမြစ်များ ပေါ်ပေါက်လာ စေရန်နှင့် လူငယ်များကို လက်ဆင့်ကမ်းအမွေပေးနိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနတို့နှင့်ပူးပေါင်း၍ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ကိုယ်စားပြုလူငယ်များ ကိုယ်တိုင် ပါဝင်ရေးဆွဲထားသော လူငယ်ရေးရာမူဝါဒကို ရေးဆွဲပြီးဖြစ်ရာ မဟာဗျူဟာရေးဆွဲ နိုင်ရေးနှင့် လုပ်ငန်းစဉ်များ ပေါ်ပေါက်လာရေးအတွက် ဆောင်ရွက်မှုများ၊ ဆက်လက် ဆောင်ရွက်ရန်ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။ ယင်းနောက် တက်ရောက် လာကြသော တိုင်းလူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များက အဆိုပါမူဝါဒကို ကျယ်ကျယ်ပြန့်ပြန့် မိတ်ဆက်ပေးနိုင်ရေး၊ ခရိုင်၊ မြို့နယ်အဆင့်များအထိ ကော်မတီများတိုးချဲ့ဖွဲ့စည်းနိုင်ရေး၊ လူငယ်စင်တာဖွင့်လှစ်နိုင်ရေး လိုအပ်ချက်များနှင့် သိလိုသည့်အချက်များကို အသီးသီး မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ်တို့က ပြန်လည် ညှိနှိုင်းရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter