မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာ (UPR) အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ

ဇွန်လ ၁၉၊ နေပြည်တော်
    မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာ (UPR) အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ (၂) ရပ် အစည်းအဝေး (၂/၂၀၁၉) ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ဆွေးနွေးစကားပြောကြားပါသည်။
 ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဆွေးနွေးစကားပြောကြားရာတွင် UPR ဆိုသည်မှာ ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်ခြင်းလုပ်ငန်းစဉ် ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိတို့နိုင်ငံအလိုက် လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက် ချက်များကို တင်ပြ၍ သုံးသပ်မှုခံယူရန် နိုင်ငံအချင်းချင်းအကြံပြုကြခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အစီရင်ခံစာကို ၅ နှစ် တစ်ကြိမ် တင်သွင်းရာတွင် ၂၀၁၁ ခုနှစ် နှင့် ၂၀၁၅ ခုနှစ်တို့တွင် ပထမအကြိမ်၊ ဒုတိယအကြိမ်အစီရင်ခံစာတို့ကို လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ရုံးသို့ ပေးပို့တင်ပြခဲ့ပြီးဖြစ်ရာ ယခုတတိယအကြိမ်အစီရင်ခံစာ ကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်အစီရင်ခံစာအပေါ် သုံးသပ်မှု ခံယူခဲ့စဉ် အဖွဲ့ဝင်နိုင်ငံပေါင်း (၉၃) နိုင်ငံမှ အကြံပြုတိုက်တွန်းချက် (၂၈၁) ချက်အနက် မိမိတို့နိုင်ငံအနေဖြင့် အကြံပြုချက် (၁၆၆) ချက် လက်ခံခဲ့ပါကြောင်း၊ ထိုအကြံပြုချက် (၁၆၆) ရပ် အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရန် ကဏ္ဍ (၁၂) ရပ် ခွဲဝေထားရှိပြီး ကဏ္ဍ (၁၂) ရပ်အပေါ် ဆောင်ရွက်မည့်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများကို သတ်မှတ်ခဲ့ရာမှာ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကဏ္ဍ(၂) ခုကို တာဝန်ယူထားရပါကြောင်း၊ အဆိုပါကဏ္ဍ (၂) ခုမှ ကျား မ တန်းတူ ရည်တူရှိမှု မြှင့်တင်ရေး ကိစ္စနှင့် ထိခိုက်ခံစားလွယ်သောအုပ်စုများ ကာကွယ်ရေးဆိုင်ရာ အကြံပြု ချက်များနှင့် ခွဲခြားမှုမပြုရေးကိစ္စဆိုင်ရာ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် လုပ်ငန်းကော်မတီ (၂) ရပ် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသား အဆင့်ကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းကော်မတီများက ကဏ္ဍအသီးသီးဆိုင်ရာ ဖော်ဆောင်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်၊ ဆက်လက် ဆောင်ရွက်ရန်အချက်များကိုလည်း သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်ရေးအတွက် တာဝန်ခံ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ နှင့် ပူးပေါင်းညှိနှိုင်းပြီး အလေးထား ဆောင်ရွက်သွား ရန်နှင့် ဩဂုတ်လတွင် အစီရင်ခံစာပြုစုရေးလုပ်ငန်းကော်မတီသို့ ပေးပို့သွားရန် ညွှန်ကြားမှု ရရှိပြီး ဖြစ်ပါကြောင်း၊ အစီရင်ခံစာပြုစုရေးလုပ်ငန်းကော်မတီက ပေးပို့သည့် ပုံစံများ နှင့်အညီ မိမိတို့ လုပ်ငန်းကော်မတီများအနေဖြင့် အစီရင်ခံစာမူကြမ်းကို ပြုစုရမည်ဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင် များ၏ ဆောင်ရွက်ထားရှိမှု ရလာဒ်များကို ကိန်းဂဏန်း စာရင်းအချက်အလက်များဖြင့် ရေးသားပြုစုပြီး ကောင်းမွန်သည့် အစီရင်ခံစာတစ်ခု ဖြစ်မြောက်လာရန် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုပါကြောင်း ညှိနှိုင်းဆွေးနွေးပြောကြားပါသည်။
    ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးစိုးအောင်က လုပ်ငန်းကော်မတီ (၂) ရပ်၏ ပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ အကြံပြုချက် အချက်(၃၀) အပေါ် ကဏ္ဍ (၄) ခုခွဲ၍ဆောင်ရွက်ရန်နှင့် ကဏ္ဍအလိုက် အကျုံးဝင်သည့် အကြံပြုချက်များ၊ အစီရင်ခံစာရေးသားရမည့် သတ်မှတ်ပုံစံများ၊ အစီရင်ခံစာ ရေးသားရာတွင် ထည့်သွင်းရေးဆွဲသင့်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြပါသည်။
    ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် လုပ်ငန်းကော်မတီ(၂)ရပ်၏ အဖွဲ့ဝင် ကိုယ်စားလှယ်များက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း ကဏ္ဍအလိုက် ဆောင်ရွက်ချက်များကို ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ဖြည့်စွက် ရှင်းလင်းဆွေးနွေး ခဲ့ကြပါသည်။  
    ဤအစီရင်ခံစာသည် မြန်မာနိုင်ငံက ဖော်ဆောင်လျက်ရှိသည့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများတွင် အပြည်ပြည်ဆိုင်ရာဥပဒေမှုဘောင်၊ ပြည်တွင်းဥပဒေမူဘောင်၊ သက်ဆိုင်ရာဌာန များ၏ မဟာဗျူဟာစီမံချက်၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက လက်မှတ်ရေးထိုးထားသည့် Country Program ၊ MoU ၊ MoAများ ၊ အကြံပြုချက်များနှင့် တိုက်ရိုက်သက်ဆိုင်မှုရှိသည့် ဆောင်ရွက်ချက်များကို စနစ်တကျစုစည်း ရေးသားရန်ဖြစ်ပြီး မိမိတို့နိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ ဖွံ့ဖြိုးတိုးတက်မှုရလာဒ်များကို ကမ္ဘာကသိစေရန် ဖော်ထုတ်ပြသခွင့်ရမည့် အခွင့်အရေး ဖြစ်ကြောင်းသိရှိရပါသည်။

FacebookTwitter