ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် မန္တလေးတိုင်း ဒေသကြီး စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဌာနငယ် / သင်တန်းကျောင်း များအား လှည့်လည် ကြည့်ရှုစစ်ဆေးခြင်း

နေပြည်တော်၊ စက်တင်ဘာ ၂၄ -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် စက်တင်ဘာလ ၂၁ရက်၊ နံနက်  ၉ နာရီအချိန်တွင်  မန္တလေးတိုင်း ဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် လူမှုဝန်ထမ်း ဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အကြောင်းအမျိုးမျိုးကြောင့် လူမှုရေးစောင့်ရှောက်မှု လိုအပ်လျက်ရှိသည့် ကလေးများ၊ လူငယ်များ၊ အမျိုးသမီးများအား၊ လူမှုဂရုဏာလုပ်ငန်းများနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းများကို ပြောင်းလဲလျက်ရှိသော ခေတ်စနစ်နှင့် လိုက်လျော ညီထွေမှုဖြစ်အောင် မဖြစ်မနေ ကြိုးစား ဆောင်ရွက်ရန် စေတနာဖြင့် ဆောင်ရွက်နေသော မိမိတို့၏ မွန်မြတ်သည့် လုပ်ငန်းတာဝန်များကို တစ်ဦးချင်းစီက မြင့်မြတ်သည့် စိတ်ဓာတ်ဖြင့် ကျေပွန်စွာ ဆောင်ရွက်ကြရန်၊ အရေးပေါ် သဘာဝဘေး အန္တရာယ်များအတွက် ချက်ချင်းတုန့်ပြန် ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရန်၊ မီးဘေးကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ပြည်သူ လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ပညာပေး လက်ကမ်းစာစောင်များ၊ ဟောပြောပွဲများ၊ သရုပ်ပြပွဲများ၊ ပြုလုပ်ဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့သည်။

 

MDY2  Image removed.


    လူမှုဝန်ထမ်းဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန၊  အမှတ်(၁) ပြည်နယ်တိုင်း ဒေသကြီး မီးသတ်ဦးစီးမှူးရုံးများ ကွပ်ကဲမှုဌာနခွဲတို့မှ တာဝန်ရှိသူများမှ သက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် လမ်းညွှန်မှာကြားခဲ့သည်။


    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကလေးပြုစုရေးဌာနသို့ ရောက်ရှိပြီး ရပ်ရွာအခြေ ပြုကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်သွားရန် ကလေးများအား ဘက်စုံဖွံ့ဖြိုးမှုရရှိရေး၊ ကျောင်းနေအရွယ် ကလေးများ ပညာရေး ထူးချွန်မှုအပေါ်မူတည်၍ လစဉ်အသိအမှတ်ပြု ချီးမြှင့်ပေးရန် မှာကြားခဲ့သည်။

 

MDY6

 

     ဆက်လက်၍ အမျိုးသမီးကလေးများ သင်တန်းကျောင်းနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာန သို့ရောက်ရှိရာ သက်ဆိုင်ရာ ကျောင်းအုပ်နှင့် တာဝန်ခံများက လုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးမှ ကလေးများအား စာပေကြိုးစားသင်ယူရန်နှင့် အားလပ် သည့်အချိန်များ၌ အိမ်တွင်းမှုပညာရပ်များ၊ အားကစားများ လေ့ကျင့်သင်ကြားပေးရန် လမ်းညွှန် မှာကြားခဲ့သည်။ 

 

MDY4


    မွန်းလွဲပိုင်းတွင်  အမှတ်(၁)မူလတန်းကြိုကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီးမှ လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးမှ မူကြိုကလေးများအား ပြည်သူ့နီတိ သုံးဆယ့်ရှစ်ဖြာမင်္ဂလာနှင့် အင်္ဂလိပ်စကားပြော အခြေခံ အလေ့အကျင့်ကောင်းများ ရရှိစေရန် ပြုစုပျိုးထောင် ပေးရန်နှင့် ကလေးများ၏ ဝါသနာကို အဓိကထား၍ ဆောင်ရွက်ရန် လမ်းညွှန်မှာခဲ့သည်။ 


    ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် အိမ်တွင်းမှုသက်မွေး ပညာသင်ကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်မှ  လုပ်ငန်း ဆောင်ရွက်ချက်များအား ရှင်းလင်း တင်ပြပြီး နိုင်ငံတော်၏ တန်ဖိုးရှိသော ရိုးရာလက်မှုပညာ၊ စက်မှုပညာများကို ပြန်လည် ဖော်ထုတ်နိုင်ခြင်း အတွက် ဂုဏ်ယူ ဖွယ်ဖြစ်ပြီး မြန်မာ့ရိုးရာ ပညာများကို တန်ဖိုးထားနိုင်ခြင်းဖြင့် တိုင်းပြည်ကို ချစ်မြတ်နိုးသူများဖြစ်စေ ရန်မှာကြားခဲ့သည်။ ဆက်လက်၍ မန္တလေး လူငယ်သင်တန်းကျောင်း သို့ရောက်ရှိရာ ကျောင်းအုပ် မှ လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို ဖြည့်ဆည်းပေးပြီး ကျောင်းပညာနှင့် အသက်မွေး ဝမ်းကျောင်းပညာ သင်ကြားနေခြင်းကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့သည်။


    စက်တင်ဘာ ၂၂ ရက်နေ့ နံနက် ၈နာရီ ၄၅အချိန်တွင် ပြည်ထောင်စု ဝန်ကြီးသည် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၏ သိုလှောင်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး သိုလှောင်ထားသော ကယ်ဆယ်ရေးပစ္စည်းများအား ပျက်စီးဆုံးရှုံးမှုမရှိစေရန်၊ စနစ်တကျသိုလှောင်ထားရန်၊ ပြည်တွင်းဖြစ် ပစ္စည်းများကို ဦးစားပေးဝယ်ယူရန်၊ ကယ်ဆယ်ရေး ပစ္စည်းများအား ဝယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း အဆင့်တိုင်းတွင် အလေအလွင့်မရှိစေရန်၊ အထူးသတိထား ဆောင်ရွက်ရန်နှင့် သိုလှောင်ရုံရှိ ပစ္စည်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

 

MDY5

 


    ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် နားမကြားသော ကလေးများကျောင်းသို့ ရောက်ရှိ ၍ နားမကြားကလေးများ Sign Language ဖြင့် စာပေသင်ကြားနေမှု၊ ကွန်ပျူတာ အသက်မွေး ဝမ်းကျောင်းပညာ သင်ကြားပေးနေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေးကာ အဝတ်အထည်နှင့် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့သည်။

 

 

MDY


    မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် စစ်ကိုင်းမြို့ စစ်ကိုင်းမျက်မမြင်ကျောင်းသို့ ရောက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းတိုင်းဦးစီးမှူးက လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး စစ်ကိုင်းမျက်မမြင်ကျောင်း ကျောင်းအုပ်မှ ကျောင်း၏ လုက်ငန်းစဉ်များကို ဆက်လက်ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားပြီး မျက်မမြင်ကလေးများ ကွန်ပျူတာနှင့် စာပေသင်ကြားနေမှု၊     အသက်မွေးဝမ်းကျောင်း သင်ကြာနေမှုကို လှည့်လည်ကြည့်ရှုပြီး ကျောင်းသုံး အဝတ်အထည်နှင့် အလှူငွေများကို ပေးအပ်ခဲ့သည်။ ဆက်လက်ပြီးရွာထောင် ဘိုးဘွားရိပ်သာသို့ သွားရောက်ကြည့်ရှုပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယအဆင့် ဘိုးဘွားရိပ်သာများအတွက် ထောက်ပံ့သော အလှူငွေကို ပေးအပ်လှူဒါန်းပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

 

MDY7


    စက်တင်ဘာ ၂၃ရက်နေ့ နံနက် ၉နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေး တိုင်းဒေသကြီး အမရပူရမြို့နယ်တွင် နေထိုင်သော မြန်မာနိုင်ငံရှိ အသက်အကြီးဆုံး အဘွား ဒေါ်မြကြည် အသက် ၁၂၀ အား  သွားရောက်တွေ့ဆုံကာ အလှူငွေနှင့် ဆေးဝါးများပစ္စည်းကို လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

FacebookTwitter