ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)လုပ်ငန်းများကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်

အောက်တိုဘာလ (၂၀)ရက်                        

          ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီ ပူးတွဲ ဥက္ကဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည်  ကော်မတီတွဲဖက်အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊စက်မှုလက်မှုလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ကော်မတီဝင် ဝန်ကြီးဌာနများမှ ဌာနအကြီးအကဲများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှုင့်အတူ  ရခိုင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရှိ ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းအသစ်များ ဖော်ထုတ် နိုင်ရေးအတွက် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်ရှိ (ခိုင်ပြည်စိုး) အထည်ချုပ်စက်ရုံ စတင် ဖွင့်လှစ်သည့်အခမ်းအနားသို့ ယနေ့နံနက်ပိုင်းတွင် တက်ရောက်ခဲ့ပါသည်။  အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားခဲ့ပြီး အထည်ချုပ်စက်ရုံထူထောင်သူ ဒေါ်စောသိင်္ဂီက  ပြည်နယ်အစိုးရမှ ပံ့ပိုးမှုကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊  ဆက်လက်ပြီးလုပ်ငန်းများ တိုးချဲ့ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း    ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း လုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေး ခဲ့ပါသည်။

အဆိုပါစက်ရုံသည် ကနဦးအနေဖြင့် အထည်ချုပ်စက်(၃၅)လုံး၊ ဝန်ထမ်း(၅၀)ဦးဖြင့် စတင်လည်ပတ်လျက်ရှိကြောင်း သိရှိရပါသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမှ ဘူးသီးတောင်သို့ အမြန် ရေယာဉ်ဖြင့်လည်းကောင်း၊ ဘူးသီးတောင်မှ မော်တော်ယာဉ်များဖြင့် မောင်တောမြို့နယ် အစ္စလာမ် ဘာသာဝင်များနေထိုင်သော  ပန်းတောပြင်ကျေးရွာသို့ ရောက်ရှိပြီး အကြမ်းဖက်များ၏ ဖျက်ဆီးမှု ကြောင့် မီးလောင်ဆုံးရှုံးသွားသော နေအိမ်(၂၂)လုံးကို ပြန်လည်တည်ဆောက်ရန် ပန္နက်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်၍ ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်က အခြေခံအဆောက်အဉီများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများ ရှင်းလင်းပြောကြားခဲ့ပြီး အားလုံးသည် ဉပဒေနှင့်အညီ လိုက်နာနေထိုင်ကြရေး၊ အကြမ်းဖက်လုပ်ရပ်များကို လက်မခံဘဲ ဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရေးများ မှာကြားခဲ့ပါသည်။

၎င်းနောက် ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဒေါ်နီလာကျော်တို့မှလည်း  နေအိမ်များပြန်လည်တည်ဆောက်ရေးအတွက် အမှာစကားများ ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်၊ အိမ်ရာပြန်လည် တည်ဆောက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူများမှ လှူဒါန်းမှုကို  ကိုယ်စားလှယ်အဖြစ် တက်ရောက်သူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊စက်မှုလက်မှု လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီးတွင် ပန္နက်ရိုက်ပေးခဲ့ကြပါသည်။

ထိုမှတစ်ဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မောင်တောမြို့နယ်၊ သံဒါကွင်း ကျေးရွာအုပ်စု၊ ကိုင်းကြီး(မြို)ကျေးရွာ တိုင်းရင်းသားများနေထိုင်မည့်  ကျေးရွာနေရာသစ်သို့ ရောက်ရှိပြီး ဒေသခံ ပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ပြီးနောက် နေရာသစ်ရှိ အိမ်ခြေ(၅၀)အတွက်  ပန္နက်တင်မင်္ဂလာ အခမ်းအနားကို  တာဝန်ရှိသူများနှင့်အတူ  ဆောင်ရွက်ပေးခဲ့ပါသည်။ လက်ရှိ ကိုင်းကြီးကျေးရွာ(မြို)ရွာသည် အတွင်းပိုင်းကျပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ရှိသည့် အတွက်   ယခုနေရာသစ်ကားလမ်းဘေးနေရာတွင် ရွာသစ်တည်ထောင်ခြင်း ဖြစ်ကြောင်း သိရှိ ရပါသည်။

အဆိုပါ ပန်းတောပြင်ကျေးရွာနှင့် ကိုင်းကြီး(မြို)ရွာ ကျေးရွာ(၂)ရွာပြန်လည်တည်ဆောက် ခြင်းလုပ်ငန်းကို ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD) လုပ်ငန်းများကို အကောင်အထည်ဖော် နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရနှင့်အတူ  ပြည်သူများ၊  တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ က ရခိုင်ပြည်နယ်အတွက် ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူများက လှူဒါန်းထောက်ပံ့ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

FacebookTwitter