UEHRD ၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ဒိန်းမတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ၊ UNHCR ၊ WFP နှင့် United States Institute of Peace အဖွဲတို့မှဆတွ့ဆုံ

နေပြည်တော်၊၂၀၁၇၊နိုဝင်ဘာ ၆

          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေး အားဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး H.E Ms.UllaToernaesခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့မှ(၃၁.၁၀.၂၀၁၇)ရက်နေ့ ညနေပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင်UEHRDစီမံကိန်းစတင်ဆောင်ရွက်နေမှုနှင့်ဒုက္ခသည်များပြန်လည်လက်ခံရေးအတွက်သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့်အသိပညာရရှိစေရန်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)နှင့်ပူးပေါင်း၍မိမိဆန္ဒအလျောက် နေရပ်ပြန်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Workshop on Voluntary Repatriation) ကျင်းပဆောင်ရွက်မှုများကို အကျဉ်းချုပ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          (၁-၁၁-၂၀၁၇)ရက်နေ့ နံနက် (၉)နာရီတွင် UNHCR မှ Assistant High  Commissioner for Protection ဖြစ်သူ Mr. Volker Turk နှင့်အဖွဲ့က အဆိုပါဝန်ကြီးရုံး မေခလာခန်းမတွင် လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက်မည့် ဒေသတွင်းရွှေ့ပြောင်းသူများအတွက် ကူညီနိုင်မည့် ကိစ္စများ၊ ဝန်ကြီးဌာနနှင့် ချုပ်ဆိုထားသော နားလည်မှုစာချွန်လွှာ သက်တမ်းတိုးမြှင့်ရေးကိစ္စရပ်များ၊ ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ရှေ့ဆက်အကောင်အထည်ဖော်ဆောင်ရွက်မည့် ကိစ္စများအား ဆွေးနွေးပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် မတူကွဲပြားမှုများ အား စီမံခန့်ခွဲရေးဆိုင်ရာ Diversity Management ဖိုရမ် ကျင်းပမည့် ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပြုချက်များအတိုင်း ပဋိပက္ခဒဏ်ခံရသူ များအတွက် တစ်ပြေးညီ ဆောင်ရွက်မည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပေးမည့်လုပ်ငန်းများ၊ မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်များ ချမှတ်၍ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးကိစ္စရပ်များကိုဆွေးနွေးခဲ့ကြပါသည်။

          ဆက်လက်၍ (World Food Programme – WFP) မှ Regional Director for Asia and The Pacific ဖြစ်သူ Mr. David Kaartrud နှင့်အဖွဲ့အား တွေ့ဆုံရာတွင် WFP အနေဖြင့် မြန်မာနိုင်ငံတွင် ၄င်းတို့၏ လုပ်ငန်းဆိုင်ရာ မဟာဗျူဟာအသစ် ချမှတ်၍ ဆောင်ရွက်မည့် ကိစ္စများ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများသာမက ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍများတွင် ရှေ့ဆက်၍ နိုင်ငံတော်အစိုးနှင့် လက်တွဲဆောင်ရွက်သွားမည့် ကိစ္စများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း များ၊ ရခိုင်ပြည်နယ်အတွင်း အရေးပေါ်ထောက်ပံ့ရေး အစီအစဉ်များ၊ ထိုင်း-မြန်မာ နယ်စပ်ရှိ နိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လိုသော တရားမဝင်ရွှေ့ပြောင်းလုပ်သားများနှင့် နေရပ်စွန့်ခွါရွှေ့ပြောင်းသူများအတွက် အကူအညီပေးနိုင်မည့် နည်းလမ်းများ၊ UEHRD တွင် ပါဝင်ကူညီနိုင်မည့်နည်းလမ်းများအား ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ပြည်သူများ၏ အင်အားဖြင့် ပေါင်းစုဆောင်ရွက်မည့် UEHRD မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများ၊ စေတနာ့ဝန်ထမ်းလူငယ်များ၏ အကူအညီဖြင့် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာအကူအညီများ ဖြန့်ဝေသွားမည့်ကိစ္စများ၊ ပြည်ထောင်စုအစိုးရနှင့်ပြည်နယ်အစိုးရ တို့ပူးပေါင်း၍ နေရပ်စွန့်ခွါရွှေ့ပြောင်းသူများအတွက် ထောက်ပံ့ကူညီမည့် ကိစ္စများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်မည့်ကိစ္စများ၊ WFP မှပါဝင်ကူညီနိုင်မည့် ပညာရေးနှင့်အာဟာရဆိုင်ရာစီမံကိန်း များနှင့် ငွေကြေးထောက်ပံ့ရေးစီမံကိန်းများအား အကြံပေးဆွေးနွေးခဲ့ကြပါသည်။

          ထို့နောက် United States Institute of Peace – USIP မှ ဥက္ကဌဖြစ်သူ Ms. Nancy Lindborg နှင့်တွေ့ဆုံရာတွင် USIP ထူထောင်ခြင်း သမိုင်းကြောင်းနှင့်ငြိမ်းချမ်းရေး ဆိုင်ရာလုပ်ငန်းများ၊ ရခိုင်ပြည်နယ်အရေးကိစ္စအတွက်ထူထောင်ထားသော ကော်မတီများ နှင့် UEHRD တို့အကြား ဆက်စပ်ဆောင်ရွက်မည့် ကိစ္စများ၊ ရပ်ရွာလူထုအတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး နည်းလမ်းများ ရှာဖွေမည့် ကိစ္စများ၊ ဝန်ကြီးဌာနမှ တာဝန်ယူထားသော လုပ်ငန်းများ၏အရေးပါမှုနှင့် ကြိုးပမ်းဆောင်ရွက်နေမှုများအား သိရှိပြီး လိုအပ်သောအကူအညီများ ပေးနိုင်မည့်နည်းလမ်းများအား ဆွေးနွေးပြီး ပြည်ထောင်စု ဝန်ကြီးက ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးကောက်တင်မြှောက်ထားသော အစိုးရအနေနှင့် ပြည်သူများ၏ အကျိုးစီးပွားနှင့်ငြိမ်းချမ်းရေးကို ရှေးရှုပြီး ကြိုးပမ်းဆောင်ရွက် နေမှုများ၊ ၂၁ ရာစု ပင်လုံညီလာခံကျင်းပ၍ တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့်အမျိုးသား စည်းလုံး ညီညွတ်ရေးအတွက်ဆောင်ရွက်နေမှုများ၊ နိုင်ငံတ်ာအတွင်း ဖွံ့ဖြိုးမှုနည်းပါးသော ဒေသများအား ဦးစားပေးမူဝါဒများ ချမှတ်ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်များ၊ စုံစမ်းစစ်ဆေးရေးကော်မရှင် နှင့် အကြံပေးကော်မရှင်များထူထောင်၍ စနစ်တကျ လုပ်ဆောင်နေမှုများ၊ အဆိုပါ ကော်မရှင်များ၏ အကြံပြုချက်များအား အကောင်အထည်ဖော်နေမှုနှင့်တိုးတက်မှုများ၊ UEHRD ထူထောင်၍ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဆောင်ရွက်မည့် ကိစ္စရပ်များ၊ မတူကွဲပြားသော ရပ်ရွာလူထုအကြား ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးအတွက် ချဉ်းကပ်နည်းလမ်းများရှာဖွေမည့် Diversity Management ဖိုရမ် ကျင်းပမည့် ကိစ္စရပ်များ၊ ရပ်ရွာလူထု လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေးနှင့် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်း များတွင် ပါဝင်ကူညီနိုင်မည့်နည်းလမ်းများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter