ချင်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက်ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် (MCCT) ကနဦး စစ်တမ်းအစီရင်ခံစာထုတ်ပြန်

နေပြည်တော်၊ သြဂုတ် ၂၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနသည် ကလေးသူငယ်များ၏ အာဟာရအခြေအနေများ ပိုမိုတိုးတက်ကောင်းမွန်စေ ရေးဦးတည်၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် (MCCT Program) အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ်အစီအစဉ်သည် ပထမဆုံး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော အစီအစဉ်ဖြစ်ပါသည်။ အစီိအစဉ် အကောင်အထည်ဖော်မှု၏ တိုးတက်မှုများအား တိုင်းတာနိုင်ရန်အတွက် ကနဦးအခြေအနေ အား ဆန်းစစ်သည့် စစ်တမ်းတစ်ခုအား အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့ (LIFT) ၏ ရန်ပုံငွေထာက်ပံ့မှုဖြင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များအားလုံး၌ ၂၀၁၇ခုနှစ်အတွင်း ကောက်ယူခဲ့ပြီး အဆိုပါစစ်တမ်း၏ တွေ့ရှိချက်အစီရင်ခံစာအား ယနေ့ တွင်ထုတ်ပြန်ဖြန်ချိခဲ့ပါသည်။

အဆိုပါ စစ်တမ်းတွေ့ရှိချက်အစီရင်ခံစာ ထုတ်ပြန်ဖြန်ချိပွဲအခမ်းအနားသို့ ချင်းပြည် နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ယူကေနိုင်ငံ သံအမတ်ကြီး မစ္စတာ ဒယ်နီယယ်ချက်ဂ်ျ၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ကြပါသည်။ စစ်တမ်းအစီရင်ခံစာဖြန့်ချိပွဲ အဖွင့်အမိန့်ခွန်း၌ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက ချင်းပြည်နယ်၏ ပကတိလိုအပ်ချက်များနှင့်ပတ်သက်၍လည်းကောင်း၊ ချင်းပြည်နယ် အနာဂါတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် MCCT အစီအစဉ်၏ အရေးပါမှုများကိုလည်းကောင်း၊ စစ်တမ်းအစီရင်ခံစာပါ တွေ့ရှိချက်များနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်သွားမည့် အစီ အစဉ်များနှင့်ပတ်သက်၍လည်းကောင်း ဆွေးနွေးခဲ့ပါသည်။ ယင်းနောက် ယူကေနိုင်ငံ သံအမတ်ကြီးက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကလေးသူငယ်များအာဟာရဖွံ့ဖြိုးတိုးတက်ရေး၏ အရေးကြီးပုံအားလည်းကောင်း၊ မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ အာဟာရဖွံ့ဖြိုးတိုးတက် ရေးကြိုးပမ်းဆောင်ရွက်ရာတွင် ယူကေနိုင်ငံအပါအဝင် အသက်မွေးဝမ်းကျောင်းနှင့် စားနပ် ရိက္ခာဖူလုံရေးအဖွဲ့ဝင် အလှူရှင်နိုင်ငံများ၏ အခန်းကဏ္ဍအားလည်းကောင်း ဆွေးနွေးပြော ကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ချင်းပြည်နယ်တွင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော MCCT အစီအစဉ် အကောင် အထည်ဖော် ဆောင်ရွက် မှုနှင့်ပတ်သက်၍လည်းကောင်း၊ စစ်တမ်းကောက်ယူခဲ့မှုပတ်သက်၍လည်းကောင်း၊ ဆက်လက် ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးပြောကြားခဲ့ကြပါ သည်။

ယင်းနောက်အစီအစဉ်၏ ဒုတိယအပိုင်းအဖြစ် စစ်တမ်းအစီရင်ခံစာ တွေ့ရှိချက် များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် စကားဝိုင်းဆွေးနွေးခြင်းတို့အား ဆက်လက်ဆောင်ရွက်၍ အခမ်းအနား မွန်းလွဲ (၁၂း၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

FacebookTwitter