တိုင်းရင်းသားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးညှိနှိုင်းဆွေးနွေး

နေပြည်တော်၊ အောက်တိုဘာ ၁၁ ရက်။

        ၂၀၁၈-၁၉ခုနှစ်ဘဏ္ဍာရေးနှစ်အတွင်း တိုင်းရင်းသားလူမျိုးများရေးရာ ၀န်ကြီးဌာနက  အကောင်အထည်ဖော်ဆောင်ရွက်မည့် တိုင်းရင်းသားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ၀င်းမြတ်အေး၊ ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင် ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ၀န်ကြီးဌာနများမှ တာဝန်ရှိသူများတက်ရောက် ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသား အရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ၀န်ကြီးဌာန အသီးသီးကလည်း တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသား ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင် ရေးဦးတည်ချက်များနှင့်အညီ တိုင်းရင်းသားများအရေးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းများတွင် တိုင်းရင်းသား အရေးနှင့်ပတ်သက်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပါဝင်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာ စီမံချက်ပါ လုပ်ငန်းစဉ် တစ်ရပ်ဖြစ် သည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးခြင်းအစီအစဉ်ကို အာဟာရ ပညာပေး၊ တစ်ကိုယ်ရေး သန့်ရှင်းရေးပညာပေး၊ မိသားစုစီမံကိန်းပညာပေး အစီအစဉ်များနှင့်အတူ ဖွံ့ဖြိုးမှုနိမ့်ကျသည့် ဒေသများမှစ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိထောက်ပံ့ပေးနေသော ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအပြင် ၂၀၁၈-၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသည့် ၀န်ကြီးဌာနများအနေဖြင့် တိုင်းရင်းသားလူမျိုးများရေးရာ ၀န်ကြီး ဌာန၏ လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးနိုင်မည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးစေလိုကြောင်း ပြောကြားပါသည်။

ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ၀န်ကြီးဌာနက ဆောင်ရွက်သည့် လုပ်ငန်းများနှင့် လိုအပ်ချက်များအား ရှင်းလင်းပြောကြားပါသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသည့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဌာနအလိုက် ပူးပေါင်းဆောင်ရွက် ပေးနိုင်မည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးအောင်က ဌာနအလိုက် ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်း များအပေါ် ပေါင်းစပ်နိုင်ရေးအတွက် ဖြည့်စွက်ရှင်းလင်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter