ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ကျောက်တော်မြို့နယ် နိဒင် ကျေးရွာရှိ ပိတ်သိမ်းပြီး IDP စခန်းများ ကြည့်ရှုလေ့လာ

စစ်တွေ၊ အောက်တိုဘာ ၁၄

ရခိုင်ပြည်နယ် စစ်တွေမြို့၌ရောက်ရှိနေသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာအထူး ကိုယ်စားလှယ် Ms. Christine Schraner Burgener နှင့်အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးစိုးအောင်၊ ပြည်နယ် ၀န်ကြီးဦးအောင်ကျော်ဇံတို့နှင့်အတူ ယနေ့တွင် ကျောက်တော်မြို့နယ် နိဒင်ကျေးရွာရှိ ပိတ်သိမ်းပြီး IDP စခန်းများအား လေ့လာကြည့်ရှုကြသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် စစ်တွေဟိုတယ်၌ လူထုအခြေပြုအရပ်ဘက်အဖွဲ့ အစည်းများနှင့် တွေ့ဆုံသည်။

ယင်းနောက် အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ် ၀န်ကြီးချုပ်ဦးညီပု၊ဒုတိယ၀န်ကြီးဦးစိုးအောင်နှင့် ပြည်နယ်ဝန်ကြီးများနှင့်တွေ့ဆုံပြီး ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(စစ်တွေ)ရှိ ဗန္ဓုလရိပ်သာ၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်နိုင်နှင့် တွေ့ဆုံသည်။

ထို့နောက် အထူးကိုယ်စားလှယ်အဖွဲ့သည် ကျောက်တော်မြို့နယ်၊ နိဒင်ကျေးရွာ ရှိ ပိတ်သိမ်းပြီး IDP စခန်းများအား လေ့လာကြည့်ရှုခဲ့ပြီး အသိုင်းအ၀န်း ၂ ခုသင့်မြတ်စွာ နေထိုင်ကြသည့် ခေါင်းတုတ်ရွာသို့ သွားရောက်ကာ ဒေသခံများနှင့်တွေ့ဆုံခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများပိတ်သိမ်းရေးကို ဆောင်ရွက်လျက်ရှိရာ ကျောက်တော်၊ နိဒင် IDP စခန်းအတွက် လုံးချင်းနေအိမ် ၈၅လုံး တည်ဆောက်ပြီးဖြစ်၍ နေရာချထားပေးကာ စခန်းပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

FacebookTwitter