ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် သံအမတ်ကြီးများလာရောက်တွေ့ဆုံ

နေပြည်တော်၊ ၁၃.၁၁.၂၀၁၈
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အား UNICEF ၊ ကူဝိတ်သံရုံးမှသံရုံးယာယီတာဝန်ခံ၊ မြန်မာနိုင်ငံ ဆိုင်ရာတူရကီနိုင်ငံ သံအမတ်ကြီးနှင့် နော်ဝေနိုင်ငံသံအမတ်ကြီးတို့က အဆိုပါဝန်ကြီးဌာန တွင် သီးခြားစီလာရောက်တွေ့ဆုံခဲ့ပါသည်။ 

UNICEF East Asia and Pacific Regional Office(EAPRO)နှင့်တွေ့ဆုံရာတွင် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်းဆိုင်ရာလုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများတွင် UNICEFမှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် စတင် ဆောင်ရွက်နေပြီဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းမှမွေးဖွားသော ကလေးအသက် (၂)နှစ်အထိ ငွေကြေးထောက်ပံ့မှုအစီအစဉ် (Maternal and Child Cash Transfer MCCT Program)၏အခြေအနေများ၊ ဆက်လက်၍ MCCT Programကို ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် တိုးချဲ့ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကိစ္စများနှင့် အသစ်ရေးဆွဲနေသည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေရေးဆွဲဆောင်ရွက်နေမှုအခြေအနေများ၊ လူမှုရေး ဖြစ်ရပ်စီမံခန့်ခွဲမှုစနစ် (Case Management Systerm) ဆောင်ရွက်နေမှုနှင့် Social Workers များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Social Work Institue တစ်ရပ်အား ရန်ကုန်မြို့တွင် တည်ထောင်ရန်ဆောင်ရွက်နေမှုများ၊ မသန်စွမ်းသူများဆိုင်ရာကိစ္စရပ်များ၊ မသန်စွမ်းမှု လျော့ချရေးအတွက် ကလေးသူငယ်ဘ၀မှ စတင်၍ အမြင့်မားဆုံးဖွံ့ဖြိုးမှုရရှိရေးအတွက် စောစီးစွာဆန်းစစ်သတ်မှတ်ခြင်းနှင့် ဖြေရှင်းဆောင်ရွက်ပေးမည့် အစီအစဉ်များ(Early Childhood Intervention) ဆောင်ရွက်နိုင်ရေးကြိုးပမ်းနေမှုများ၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှပြန်လည်ရောက်ရှိလာ မည့်နေရပ်စွန့်ခွာသူများအတွက် ကူညီဆောင်ရွက်ပေးနိုင်မည့်ကိစ္စများ၊ နေရပ်စွန့်ခွာသူများ အတွက် MCCT Programနှင့် လူမှုရေးပင်စင်စနစ်တို့အား ဆောင်ရွက်ပေးမည့် ကိစ္စများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်သံရုံးမှ သံရုံးတာဝန်ခံဖြစ်သူ Mr. Adel M F A AL Adgham ၊ နော်ဝေနိုင်ငံသံအမတ်ကြီး H. E. Mrs. Tone Tinnes နှင့် တူရကီနိုင်ငံ သံအမတ်ကြီး H. E. Kerem Divanhoglu တို့နှင့် သီခြားစီတွေ့ဆုံရာတွင် ပြည်ထောင်စု ၀န်ကြီးက မြန်မာနိုင်ငံတွင် ဒုတိယဆင်းရဲမှုနှုန်းမြင့်မားသည့် ရခိုင်ပြည်နယ်တစ်ခုလုံးဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရသစ်တာဝန်ယူသည်မှစ၍ ဦးစားပေးဆောင်ရွက်နေစဉ်ကာလ အတွင်း ၂၀၁၇ခုနှစ်၊ သြဂုတ်လ ARSA အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် နေရပ်စွန့်ခွာမှုများဖြစ်ပေါ်လာမှုအပေါ် UEHRD ဖွဲ့စည်းဆောင်ရွက်မှုနှင့် ပြန်လည် လက်ခံရေး ကို မြန်မာနိုင်ငံဘက်မှ ၂၀၁၈ခုနှစ်၊ ဇန်န၀ါရီလမှစ၍ အဆင်သင့်ဖြစ်နေခဲ့ပြီး ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပထမအသုတ် ၂၂၅၁ဦး ပို့ဆောင်မည်ဖြစ်သည့်အတွက် ပြန်လည် လက်ခံရေးကို မြန်မာနိုင်ငံဘက်မှ ဆောင်ရွက်ထားရှိမှု နောက်ဆုံးအခြေအနေများကို အသိပေးရှင်းလင်းတင်ပြခဲ့ပြီး သက်ဆိုင်ရာနိုင်ငံအသီးသီးမှ အကူအညီပေးနိုင်မည့် နည်းလမ်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ နော်ဝေနိုင်ငံသံရုံးမှ မြေမြှပ်မိုင်းကိစ္စရပ်များ၊ မိုင်းအန္တရာယ်သတိပေးလုပ်ငန်းများ၊ မိုင်းဒဏ်ခံစားခဲ့ရသူများအား ကူညီထောက်ပံ့ပေးခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ၀န်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter